15.1.14

MRTV ဒစ်ဂျစ်တယ်ရုပ်သံဖမ်းစက် အလုံးရေ သုံးသိန်းကျော် အခမဲ့ပေးမည်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲ ထုတ်လွှင့်ရာတွင် ဖမ်းယူကြည့်ရှုနိုင်မည့် DVBT2 Set Top Box ရုပ်သံဖမ်းစက် အလုံးရေ သုံးသိန်းကျော်ကို ယခုနှစ်အတွင်း မြို့နယ်အားလုံးသို့ အခမဲ့ ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ပြောကြားသည်။

မူလ အန်နာလော့ဂ် (Analogue) စနစ်မှ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲရာတွင် DVBT2 Set Top Box များနှင့် ဖမ်းယူနိုင်ရန် အတွက် မြို့နယ်ပေါင်း ၂၂ မြို့နယ်တွင် စက်ရုံများ တည်ဆောက်နေပြီး အမေရိကန် ဒေါ်လာ ၅ ဒသမ ၅၉ သန်း အသုံးပြု ထားကြောင်း ၄င်းကဆိုသည်။
"စက်ရုံတွေ အားလုံးပြီးပြီ ဆိုတာနဲ့ ဖြန့်ဖြူးပေးမှာပါ" ဟု ၄င်းကဆိုသည်။

DVBT2 Set Top Box အလုံးရေ သုံးသိန်းကျော်ကို မည်သို့ဖြန့်ဖြူး ပေးဝေမည်ကို ပြန်ကြားရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အဆိုပါ ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြောင်းလဲထုတ်လွှင့်မည် ရုပ်သံအစီအစဉ် များကို DVBT2 Set Top Box များအပြင် DVBT2 စနစ်ပါဝင်သော အင်တန်နာ များဖြင့်လည်း ဖမ်းယူကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါ DVBT2 Set Top Box အလုံးရေ နှစ်သောင်းကျော်ကို SEA Games မကျင်းပမီ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ချထားပေးပြီး စတင်စမ်းသပ် ထုတ်လွှင့်နေပြီ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူများက ဆိုသည်။

အန်နာလော့ဂ်စနစ်မှ ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲရေးအတွက် မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဖလမ်း၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ ထားဝယ်၊ ပြည်၊ တောင်ငူ၊ ညောင်လေးပင်၊ ပဲခူး၊ မင်းဘူး၊ ပုပ္ပါး၊ မိတ္ထီလာ၊ ကျောင်းကုန်း၊ ပုသိမ် စသည့် မြို့နယ်ပေါင်း ၂၂ မြို့နယ်တွင် စက်ရုံများ တည်ဆောက်နေပြီး ယခုနှစ်အတွင်း အပြီးသတ်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment