18.9.14

ထိုင်းကမ်းခြေလူသတ်မှုအတွက် ဗြိတိန်တဦးကို ထိန်းသိမ်းစစ်ဆေး

ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရပ်ဌာနီအရပ် Koh Tao - လိပ်ကျွန်းပေါ်မှာ ဗြိတိန် နိုင်ငံသား ၂ ဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး အခုနောက်ဆုံး သေဆုံးသူ တဦးနဲ့ အခန်းဖော်အဖြစ် တည်းခိုခဲ့သူ ဗြိတိန် အမျိုးသားကို သုဝဏ္ဏဘုမ္မိလေဆိပ်မှာ အင်္ဂနေ့က ထိန်းသိမ်းခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်း တပုဒ်မှာ
ရေးလာပါတယ်။

 သေဆုံးသူ မစ္စတာ David William Miller ရဲ့ ခရီးသွားဖော် အခန်းဖော်ဗြိတိန်အမျိုးသားရဲ့ ခရီးဆောင် အိတ်ထဲက သိမ်း ဆည်းမိတဲ့ ဘောင်းဘီမှာ သွေးစွန်းနေတာတွေဟာ အခန်းဖော်ဖြစ်သူရဲ့ သွေးဖြစ်နိုင်တယ် လို့ ယူဆပြီး အသက် ၂၅ နှစ်ရှိ Christopher Alan Ware   လေဆိပ်ကို ရောက်နေ စဉ်မှာ အခုလို ထိန်းသိမ်းလိုက်တာလို့ ရဲ သတင်း ရင်းမြစ်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် က ရေးပါ တယ်။
သေဆုံးသူ Miller နဲ့ အတူ တည်းခိုခဲ့သူ Christopher Alan Ware ဟာ လိပ်ကျွန်းကနေ တနင်္လာနေ့ ညနေပိုင်းက ဘန်ကောက်ကို ထွက်သွားခဲ့တယ်လို့ မျက်မြင်သက်သေတော်တော်များများက ပြောထားတယ် လို့လည်း အဲဒီသတင်းမှာ ဆိုပါတယ်။ 

ဗြိတိန် ၂ ဦး အသတ်ခံရတဲ့ ည တုန်းက မစ္စတာ Ware ဝတ်ထားတဲ့ ဘောင်းဘီရှည်ကိုပဲ ဝတ်ပြီး ဘန်ကောက်ကို ထွက် သွားတာလို့ မျက်မြင်တွေက ဆိုထားပါတယ်။ 

ရဲတွေက မစ္စတာ Ware ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးတာမှာ ကုတ်ခြစ်ရာတချို့လည်း တွေ့ရသလို လက်မှာ လည်း ပြတ်ရှ ဒဏ်ရာတချို့လည်း ရှိနေတယ်လို့ ဆိုတယ်။ 

မူခင်းစစ်ဆေးမှုတွေအရ သေဆုံးသူ ဗြိတိန်သူရဲ့ ဘယ်လက်ထဲက ဆံပင်စကို DNA စစ်ဆေးထားပြီး မစ္စတာ Ware ရဲ့ ဆံပင်နဲ့ တိုက်ဆိုက်စစ်ဆေးမယ်လို့ ဆိုပါတယ်။ 

သတင်းမှာ ရေးထားတာက သေဆုံးသူ ဗြိတိန်သူရဲ့ လက်ထဲက ဆံပင်အရောင်ဟာ မစ္စတာ Ware ရဲ့ ဆံပင်အရောင်နဲ့ တူတယ်လို့ ဆိုတယ်။ 

သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်တွေကို စစ်ဆေးတဲ့အခါ ဗြိတိန်သူရဲ့ ခန္ဓာကိုယ်ထဲမှာ အမျိုးသားတဦး သို့မဟုတ် တဦးထက် ပိုတဲ့သူတွေရဲ့ သုတ်ပိုးတွေ့ထားတယ်လို့လည်း ဆိုပါတယ်။ 

မစ္စတာ Ware နဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၉ ဦးအပါအဝင် လူ ၁၂ ဦးရဲ့ DNA နဲ့ ရရှိထားတဲ့ သဲလွန်စတွေကို တိုက်ဆိုင်စစ်ဆေးတဲ့အခါ ကိုက်ညီမှု တခုမှ မရှိဘူး လို့လည်း ရဲအရာရှိ ကြီးတဦးက ပြောထားတယ်။ 

ဒါပေမယ့် အမျိုးသမီးခန္ဓာကိုယ်ထဲက ရတဲ့သုတ်ပိုးနဲ့ အခင်းဖြစ်တဲ့ နားက သိမ်းဆည်းထားတဲ့ သဲလွန်စ စီးကရက်ပေါ်က DNA ကတော့ ကိုက်ညီမှု ရှိတယ်လို့ ဆိုပါတယ်။ 

ကနဦးပိုင်းမှာ ထိုင်းရဲတွေက လိပ်ကျွန်းပေါ်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနေတဲ့ တန်းလျား ကိုလည်း ဝင်ရောက် စီးနင်းရှာဖွေမှုတွေ လုပ်ခဲ့ပြီး ၃ ဦးကို ခေါ်ယူစစ်မေးခဲ့ပါသေး တယ်။ 

နောက်တော့ လူသတ်မှုနဲ့ မပတ်သက်လို့ သူတို့ကိုလည်း ပြန်လွှတ်ပေးခဲ့တာပါ တဲ့။ 

စစ်မေးခံရသူတွေက ထိုင်းတွေရော၊ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရော၊ နိုင်ငံခြားသားတွေရောပါ။ 

ဒါပေမယ့် ပထမပိုင်း သတင်းတွေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုပဲ တရားခံဖြစ်မယ့် ပုံစံ သတင်းတွေ ဖော်ပြတော့ မြန်မာတွေ အတော်ပဲ စိတ်ခံစားမှု ဖြစ်ကြတာကို ဖေ့စ်ဘုတ်ကွန်မင့်တွေမှာတွေ့ရပါတယ်။ 

ထိုင်းနိုင်ငံမှာ မြန်မာလည်း နိုင်ငံခြားသားဖြစ်နေပါလျက် ဗြိတိန်သေဆုံးမှုမှာ အလေးပေး အာရုံစိုက်ပြီး အရေးယူဖို့ အားတက်သရော လုပ်ဆောင်ကြပေမယ့် မြန်မာအလုပ်သမားတွေ ထိုင်းမှာ မကြာခဏ အသတ်ခံရတဲ့ကိစ္စ ထိုင်းဘက်က သိပ်အရေးတယူ မရှိတာကို မြန်မာဖေ့စ်ဘုတ်သုံး သူတွေက ဝေဖန်ကြတာများပါတယ်။ 

 တကယ်တော့ ဒီလို ဖြစ်နေရတာတွေဟာ မြန်မာအစိုးရက ကိုယ့်နိုင်ငံသားတွေအပေါ် အကာအကွယ်ပေးမှု ပျက်ကွက်နေ လို့ ဖြစ်တယ်လို့   ထောက်ပြနေကြတွေလည်း ရှိပါတယ်။ 

ဧရာဝတီ Blog

0 comments:

Post a Comment