3.11.14

ဘာကီနာဖာဆိုတွင် ကြားဖြတ် အစိုးရ ဖွဲ့စည်းပေးမည်ဟု အာဏာသိမ်း စစ်တပ်ကြေညာ


ဘာကီနာဖာဆို နိုင်ငံတွင် ကြားဝင် အာဏာထိန်းသိမ်းထားသည့် စစ်တပ်က ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းပေးသွားမည်ဟု ကြေညာခဲ့သည်။


ဆန္ဒပြမှုများကြောင့် သမ္မတ ဘလာဆီ ကမ်ပိုရီ နုတ်ထွက်သွားပြီးနောက် စစ်တပ်က နိုင်ငံအာဏာကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်က စစ်သားများသည် နိုင်ငံ၏ ရုပ်မြင်သံကြားဌာန အဆောက်အအုံ ရှေ့တွင် ပစ်ခတ်မှုများ ရှိခဲ့သလို မြို့တော် အလယ် ရင်ပြင်တွင်လည်း အတားအဆီးများ ချထားခဲ့သည်။ ဆန္ဒပြသူများက စစ်တပ်အနေဖြင့် အာဏာကို စွန့်လွှတ်ပေးရန် တောင်းဆိုနေဆဲ ဖြစ်သည်။

နိုဝင်ဘာ (၂)ရက်က ပဋိပက္ခများကြောင့် အနည်းဆုံး ဆန္ဒပြသူတစ်ဦး သေဆုံးကြောင်း သတင်းများက ဆိုသည်။ ကုလသမဂ္ဂက ဘာကီနာဖာဆို နိုင်ငံတွင် စစ်တပ် အာဏာသိမ်းထားသည့် အခြေအနေကို ရှုတ်ချကြောင်း ကြေညာသည်။ ဘာကီနာဖာဆို နိုင်ငံအာဏာကို နှစ်ရှည်လများ ထိန်းချုပ်ထားသည့် သမ္မတ ကမ်ပိုရီသည် အပြင်းအထန် ဆန္ဒပြမှုများကြောင့် ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ရာထူးမှ နုတ်ထွက်သွားခဲ့သည်။

လတ်တလောတွင် စစ်တပ်သည် ဒုတိယ ဗိုလ်မှူးကြီး အိုင်ဆက်ဇီဒါကို ကြားဖြတ်အစိုးရ အကြီးအကဲအဖြစ် တင်မြှောက်ထားသော်လည်း ဆန္ဒပြသူများက မြို့တော် အူဂါဒူဂူတွင် စုရုံးကာ စစ်တပ်၏ နိုင်ငံအာဏာ ချုပ်ကိုင်မှုကို ဆန္ဒပြ ကန့်ကွက်ခဲ့သည်။

နိုဝင်ဘာ (၂)ရက် ညနေပိုင်းတွင် အဓိက အတိုက်အခံ အင်အားစု အချို့နှင့် တွေ့ဆုံညှိနှိုင်းပြီးနောက် စစ်တပ်ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ကြားဖြတ်အစိုးရ အဖွဲ့သစ် တစ်ခုကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကြေညာသည်။ “စစ်တပ်က အာဏာရရေးကို စိတ်မဝင်စားပါဘူး။ တိုင်းပြည် ကောင်းကျိုးဖြစ်ထွန်းရေးကိုသာ စိတ်ဝင်စားပါတယ်”ဟု ဘာကီနာဖာဆို စစ်တပ်က ကြေညာသည်။

သို့သော်လည်း စစ်တပ်အနေဖြင့် ဆန္ဒပြသူများကို လက်နက်အင်အား အသုံးပြု ဖြိုခွဲမှုများ ရှိနေသလို သတင်းထောက်များကိုလည်း ခြိမ်းခြောက်နှင်ထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မြို့လယ်ရင်ပြင်တွင် စုရုံးနေသည့် ဆန္ဒပြသူများကိုလည်း စစ်တပ်က ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း သတင်းများက ဖော်ပြသွားသည်။

_Ref: BBC

0 comments:

Post a Comment