7.11.14

ကိုယ်တိုင်လူသတ်ပြီး သတင်းပြန်ရေးသည်ဟုဆိုကာ အင်ဒို မှုခင်းသတင်းထောက် အဖမ်းခံရ

လူတစ်ဦးကို သတ်ဖြတ်လိုက်ကာ အဆိုပါ သေမှုသေခင်း သတင်းကို သတင်းပြန်လုပ် ရေးသားသည့် မသင်္ကာမှုဖြင့် အင်ဒိုနီးရှား မှုခင်းသတင်းထောက် တစ်ဦး အဖမ်းခံထားရကြောင်း sky news သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Pekanbaru express သတင်းဌာနအတွက် အလုပ်လုပ်နေသည့် အက်ဒီဆင်ပါဘာဆိုသူ သတင်းထောက်သည် လူသတ်မှုနှင့် ဆက်စပ်လျက် ပြီးခဲ့သည့် သီတင်းပတ်က အဖမ်းခံရခြင်း ဖြစ်သည်။

ဆူမားတြား ကျွန်းမြို့တော် ပီကန်ဘာရူရှိ ဘဏ်တစ်ဘဏ်မှ ငွေကြေးများ ထုတ်ယူခဲ့ပြီးနောက်တွင် အဆိုပါမှုခင်း သတင်းထောက်က မှုခင်းဖြင့် အဖမ်းခံရခြင်း ဖြစ်သည်။

“အထောက်အထားတွေအရ ဒီလူသတ်မှုမှာ အက်ဒီဆင် ပါဝင် ပတ်သက်နေပါတယ်” ဟု အထူးရဲစုံထောက် အကြီးအကဲ မစ္စတာ ဟာရီဝီယာဝမ်က ပြောကြားခဲ့သည်။

အက်ဒီဆင်ပါဘာသည် ရဲများနှင့် ယခင်ကတည်းက ဆက်ဆံရေးရှိပြီး ၎င်း၏ မှုခင်းသတင်းများအတွက် လာရောက် အင်တာဗျူးလေ့ ရှိသူဖြစ်သည်။

လူသတ်သမားသည် လူသတ်ခဲ့ရာ နေရာကို ပြန်လာခဲ့ပြီး ၎င်းအလုပ်လုပ်နေသည့် အင်တာနက် သတင်းစာမျက်နှာအတွက် သတင်းရယူ ထောက်လှမ်းခဲ့ကြောင်း ရဲက ထုတ်ပြန်ခဲ့သည်။

သေဆုံးနေသူ၏ အလောင်းဓာတ်ပုံနှင့်အတူ သတင်းကိုဖော်ပြခဲ့ရာ အဆိုပါသတင်းက စာဖတ်သူများထံသို့ ရောက်ရှိခဲ့ပြီး သတင်းထဲတွင် ပါဘာက အသတ်ခံရသူသည် မူယိုနို ၃၅ နှစ် ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး လူသတ်သမားနှင့် သတ်ရခြင်း အကြောင်းရင်းကို မသိရသေးကြောင်း ရေးသားခဲ့သည်။

သတင်းထောက်နှင့်အတူ အခြား တရားခံဟု ယူဆရသူ နှစ်ဦးလည်း အဖမ်းခံခဲ့ရပြီး တစ်ဦးက ၎င်းရထိုက်သည့် ဝေစုမရသောကြောင့် ရဲကို လာရောက်တိုင်ကြားခဲ့ခြင်း ဖြစ်သည်ဟု ရဲအရာရှိများက ဆိုသည်။

“သူတို့က အချင်းချင်းကို လူသတ်သမား အဖြစ် စွပ်စွဲနေကြတယ်” ဟု စုံထောက်အရာရှိ ဟာရီဝီယာဝမ်က ပြောကြားခဲ့သည်။

The Voice Weekly

0 comments:

Post a Comment