13.11.14

ရုရှားတပ်များ ယူကရိန်းပိုင်နက်ထဲ ဝင်ရောက်ခဲ့ကြောင်း NATO စွပ်စွဲ


ရုရှားတပ်များသည် နယ်ခြားဒေသကို ဖြတ်ကျော်ကာ ယူကရိန်းပိုင်နက်ထဲ ဝင်ရောက်ခဲ့ကြောင်း NATO စစ်မဟာမိတ် တပ်ဖွဲ့က အခိုင်အမာ စွပ်စွဲလိုက်သည်။

NATO တပ်ဖွဲ့၏ ထောက်လှမ်းမှုများအရ ရုရှား၏ စစ်ယာဉ်များနှင့် တိုက်ခိုက်ရေး တပ်ဖွဲ့များသည် ယခုသီတင်းပတ်အတွင်း ယူကရိန်း ပိုင်နက်အတွင်း ဝင်ရောက်ခဲ့သည်ကို အတည်ပြုနိုင်ကြောင်း ဆိုသည်။ NATO တပ်ဖွဲ့ခေါင်းဆောင် ဂျန် စတိုလ်တန်ဘာ့ဂ်က ရုရှားအနေဖြင့် ယူကရိန်းပိုင်နက်ထဲမှ တပ်များကို ပြန်လည် ဆုတ်ခွာပေးရန်လည်း တိုက်တွန်း တောင်းဆိုခဲ့သည်။

နိုဝင်ဘာ (၁၂)ရက်က ယူကရိန်း အရှေ့ပိုင်း ဒိုးနက်စ်ခ်မြို့နှင့် အနီးတဝိုက်တွင် ရုရှားလိုလားသည့် သူပုန်တပ်များနှင့် ယူကရိန်း တပ်ဖွဲ့တို့ကြား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယူကရိန်းစစ်သည်တစ်ဦး ကျဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်။

NATO တပ်ဖွဲ့သည် ဩဂုတ်လ အတွင်းကလည်း ရုရှားလက်နက်ကြီး ယူနစ်များ  ယူကရိန်းပိုင်နက်ထဲ ဝင်ရောက်လာပြီး သူပုန်များကို ပံ့ပိုးကူညီခဲ့ကြောင်း စွပ်စွဲခဲ့သေးသည်။ သို့သော်လည်း နောက်ပိုင်းတွင် ရုရှား၏ တိုက်ခိုက်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာသွားပြီး ယခုအခါ ပြန်လည် ဝင်ရောက်လာခြင်းဟု သိရသည်။

NATO တပ်ဖွဲ့၏ ဥရောပဆိုင်ရာ ကွပ်ကဲရေးဌာနမှ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဖိလစ်ဘရိဒ်လက်ဗ်က ရုရှား၏ တင့်ကားများ၊ လက်နက်ကြီး တပ်ဆင်ထားသောယာဉ်များနှင့် တိုက်ခိုက်ရေးတပ်များ ယူကရိန်းပိုင်နက်သို့ ဝင်ရောက်ခဲ့သည်ကို အတိအကျ သတင်းရရှိကြောင်း ဆိုသည်။ သို့သော်လည်း အဆိုပါတပ်များသည် ယူကရိန်း၏ မည်သည့်အရပ်ဒေသသို့ ဦးတည်ချီတက်သွားသည်ကိုမူ တိတိကျကျ မသိရသေးချေ။

အစောပိုင်းက ယူကရိန်း အစိုးရသည်လည်း မိမိတို့ ပိုင်နက်ထဲ ရုရှားတပ်များ ဝင်ရောက်ခဲ့ကြောင်း စွပ်စွဲခဲ့ဖူးသည်။ သို့သော်လည်း ယူကရိန်းနှင့် NATO တပ်ဖွဲ့တို့၏ စွပ်စွဲမှုများသည် သက်သေ အထောက်အထား ခိုင်လုံစွာ မရှိကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ် အိုင်ဂေါ ကိုနန်ရှန်ကော့ဗ်က တုံ့ပြန်ထားသည်။

_BB

0 comments:

Post a Comment