25.3.15

မြန်မာပြည်မှာ နျူစွမ်းအင်လိုအပ်တယ်


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာအသုံးပြုဖို့အတွက် နျူကလီးယားစွမ်းအင်ကို အကောင်အထည်ဖော်သင့်တယ်။ ဒီလို ပြောလို့ ကန့်ကွက်မှုအများအပြား ရှိလာမယ်ဆိုတာ သေချာပေမယ့် တကယ်တမ်း အတွင်းကျကျနဲ့ ရေရှည်ကိုတွေးရင် မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင် လိုကို လိုအပ်ပါတယ်။

    မြန်မာနိုင်ငံက ဒေသတွင်းမှာ လျှပ်စစ်မလုံလောက်ဆုံးနိုင်ငံလို့ ပြောလို့ရတယ်။ တချို့နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု တွေက လျှပ်စစ်ဓာတ်အပြည့်အဝမပေးနိုင်လို့ ရင်းနှီးမြှုပ်နှံမှုမပြုကြတော့တာ နိုင်ငံအတွက်ရော ပြည်သူအတွက်ပါ နစ်နာဆုံးရှုံးပါတယ်။
    လက်ရှိမြန်မာနိုင်ငံမှီခိုနေရတဲ့ လျှပ်စစ်ကဏ္ဍဟာဆိုရင်လည်း အကန့်အသတ်နဲ့ပဲဖြစ်နေတာ တစ်နိုင်ငံလုံးအသိ ပါပဲ။ ရေအားလျှပ်စစ်မှာလည်း နွေအခါမှာလုံလောက်မှုမရှိသလို၊ ဓာတ်ငွေ့နဲ့လည်ပတ်ရတဲ့မီးအားပေးစက်တွေကလည်း အကန့်အသတ်နဲ့ပါပဲ။ ထပ်မံတိုးချဲ့ဖို့ကြိုးစားနေကြတဲ့ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတွေကိုလည်း ဒေသတိုင်း၊ နေရာတိုင်းက လက်မခံဘဲ ဆန္ဒတွေပြနေကြတာ နေ့စဉ်လိုလိုပါပဲ။
    တိုင်းပြည်ဖွံ့ဖြိုးဖို့ မဖြစ်မနေအဓိကလိုအပ်တဲ့ လျှပ်စစ်ဓာတ်အား အလုံအလောက် မရသေးသရွေ့ကတော့  ဘယ်နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုမှ လာရောက်ကြဦးမှာမဟုတ်ပါဘူး။ တလောက မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံလိုတဲ့ ကိုရီးယားနိုင်ငံရဲ့နာမည်ကြီး SAMSUNG ကုမ္ပဏီကတောင်းဆိုတဲ့ နေ့စဉ်သုံးစွဲဖို့ လျှပ်စစ်ဓာတ်အားကို မြန်မာ နိုင်ငံဘက်က မပေးနိုင်တဲ့အတွက်ကြောင့် ရင်းနှီးမြှုပ်နှံမှု ဗီယက်နမ်နိုင်ငံကို ပြောင်းရွှေ့သွားတာတစ်ခုကိုကပဲ မြန်မာ လုပ်သားသောင်းနဲ့ချီပြီး အလုပ်ရနိုင်တဲ့ အခွင့်အရေးတစ်ခု ဆုံးရှုံးသွားခဲ့ရတာပါပဲ။
    တစ်ချိန်က ဖွံ့ဖြိုးစ မလေးရှားနိုင်ငံမှာ ဖွံ့ဖြိုးမှုနဲ့အတူ လိုအပ်လာတဲ့လျှပ်စစ်ဓာတ်အား မလုံလောက်မှုဖြစ်ခဲ့ဖူး တယ်။ ထိုအချိန်က မလေးရှားနိုင်ငံခေါင်းဆောင်ဖြစ်သူ ဝန်ကြီးချုပ်မဟာသီမိုဟာမက်က ပြည်ပကနေ ဒီဇယ်အင်ဂျင်သုံး မီးစက်တွေ အလျင်အမြန် ဝယ်ယူတင်သွင်းပြီး တိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုအရှိန်ကျမသွားအောင် ဆောင်ရွက်ပေးခဲ့တဲ့အတွက် ကြောင့် မလေးရှားနိုင်ငံဟာ အခုဆိုအရှေ့တောင်အာရှမှာ ဖွံ့ဖြိုးပြီးနိုင်ငံလိုရပ်တည်နေနိုင်ပါတယ်။ အဲဒီအချိန်မလေးရှား နိုင်ငံလို ယခုမြန်မာနိုင်ငံက အလားတူ ဖွံ့ဖြိုးစအခြေအနေမှာရှိတယ်။ မလေးရှားနိုင်ငံကြုံတွေ့ခဲ့ရသလို မြန်မာနိုင်ငံ ကလည်း လျှပ်စစ်ပြဿနာကြုံတွေ့နေရပါတယ်။ ဒီထက်ပိုပြီး အခြားအခြားသောပြဿနာတွေလည်း ကြုံတွေ့နေရတဲ့ အချိန်လို့ပြောနိုင်ပါတယ်။
    ပြောင်းလဲလာတဲ့ရာသီဥတု၊ ပူပြင်းလာတဲ့ရာသီဥတု၊ မိုးရွာသွန်းမှုနည်းပါးလာတဲ့ ကမ္ဘာ့ရာသီဥတုအပြောင်း အလဲမှာ မြန်မာနိုင်ငံကရေရှည်အတွက် ရေအားလျှပ်စစ်ကိုပဲ မှီခိုနေမယ်ဆိုရင်တော့ မကြာခဏအခက်အခဲတွေနဲ့ ရင်ဆိုင်နေရမယ်လို့ထင်ပါတယ်။ ယေဘုယျမကျဘူးလို့လည်း တွေးမိတယ်။
    နျူကလီးယားစွမ်းအင်အတွက်ကို ယခုအခါ နိုင်ငံတကာကဝိုင်းဝန်းအပြစ်တင်နေတဲ့ နိုင်ငံတွေလို (ဥပမာ-အီရန်) ကိုယ်တိုင်မဆောင်ရွက်ဘဲ မြန်မာနိုင်ငံအတွက် တာဝန်ယူပြီးဆောင်ရွက်ပေးနိုင်မယ့် နိုင်ငံကြီးတစ်ခုခုရဲ့ကြီးကြပ်မှုအောက်မှာပဲ ဆောင်ရွက်သွားရင် အောင်မြင်နိုင်စရာရှိပါတယ်။ နိုင်ငံတကာရဲ့ ယုံကြည်မှု၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ယုံကြည်မှု ရရှိအောင်တော့ နိုင်ငံတော်အစိုးရက အစွမ်းကုန်ကြိုးပမ်းရနိုင်ပါတယ်။ ထို့အတူ ပြည်တွင်းယုံကြည်မှုရအောင်လည်း ကြိုးစားကြရမှာပါ။ နျူစွမ်းအင်ကို မသိနားမလည်သူအများစုဖြစ်တဲ့အတွက်ကြောင့် ကြားဖူးရုံနဲ့ ကြောက်မနေကြဖို့ ဆေးရုံတွေရဲ့ ရောဂါရှာဖွေတဲ့စက်တွေ ဓာတ်မှန်ရိုက်စက်တွေမှာလည်း  သင့်သလို သုံးနေရတာပဲဆိုတာကို  ပြည်သူတွေကျယ် ကျယ်ပြန့်ပြန့်သိလာဖို့တော့ လိုအပ်ပါတယ်။
    မကြာသေးတဲ့အချိန်က မြန်မာနိုင်ငံသူကြွယ်ကြီး ဦးတေဇက ယူရေနီယံတွေ့ရှိကြောင်းကို သူ့အိမ်မှာ သတင်း သမားတွေကိုဖိတ်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကြီးပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲမှာ သူ့အနေနဲ့ ယူရေနီယံသတ္တုကိုတွေ့ရှိထားပြီ ဆိုတဲ့အကြောင်း စီကာပတ်ကုံးရှင်းပြသွားပါတယ်။ ယူရေနီယံဆိုတာ အနုမြူ နျူစွမ်းအားအတွက် မရှိမဖြစ်လိုအပ်အရေး ကြီးတဲ့ အခြေခံလောင်စာဖြစ်ပါတယ်။ အဲဒီတွေ့ရှိချက်ကို တာဝန်ရှိအစိုးရအဖွဲ့ကတော့ တရားဝင်ဘာမှမထုတ်ပြန်သေး ပေမယ့် သတ္တုတွင်းလုပ်ငန်းရှင်များအသင်းကတော့ စောဒကတက်ထားတာကို တွေ့ရပါတယ်။ ပညာရှင်တချို့ကလည်း ယူရေနီယံမဖြစ်နိုင်ဘူးလို့လည်း သုံးသပ်ထားကြတာကို ဖတ်ရှုခဲ့ရပြန်ပါတယ်။
    ဦးတေဇ တွေ့ရှိတဲ့သတ္တုဟာ ယူရေနီယံဖြစ်ဖြစ်/မဖြစ်ဖြစ်က ကြီးမားတဲ့ကိစ္စမဟုတ်ပေမယ့် တရားဝင်ထုတ်ဖော် ပြောကြားလိုက်တာကတော့ မြန်မာနိုင်ငံရဲ့ရှေ့ရေးအတွက် အရေးကြီးတဲ့အပြောင်းအလဲတစ်ခုဖြစ်လာတယ်ဆိုတာ သုံးသပ်လို့ ရခဲ့ပါတယ်။
    မြန်မာနိုင်ငံဟာ ကမ္ဘာ့လူဦးရေအများဆုံးနဲ့ နျူလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံကြီး(၂)နိုင်ငံရဲ့ကြားမှာ ရပ်တည် နေပါတယ်။ အဲဒါက လူဦးရေ သန်း(၁၄၀၀)ကျော်ရှိတဲ့ တရုတ်နဲ့ လူဦးရေသန်း(၁၂၀၀)ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံတို့ ကြားပါ။ ထို့အတူပဲ ယခင်ဖော်ပြခဲ့ဖူးသလို နိုင်ငံနဲ့မမျှ လူဦးရေပေါက်ဖွားနှုန်းမြင့်မားလှတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း နယ်မြေချင်း ထိစပ်နေပြန်ပါတယ်။
    လက်ရှိမြန်မာနိုင်ငံအတွင်းမှာ ယခင်အစိုးရရဲ့ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့ စီမံကိန်းတွေကြောင့် ပြည်သူတွေ တရုတ်နိုင်ငံစီးပွားရေးလုပ်ငန်းတွေနဲ့ ထိပ်တိုက်တွေ့နေကြတယ်လို့ ပြောလို့ရပါတယ်။ ကမ္ဘာ့အင်အားကြီးတရုတ်နိုင်ငံ ကလည်း မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းတွေထဲက အကြီးမားဆုံးသော မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းပြဿနာများကြောင့် စိတ်မသက်မသာဖြစ်နေရတဲ့အချိန် ဖြစ်ပါတယ်။
    နှစ်ကာလနဲ့ချီပြီး မကျေမလည်ဖြစ်နေတဲ့ ရခိုင်၊ ဘင်္ဂါလီအရေးအခင်းမှာ ကုလသမဂ္ဂကပါ ဘက်လိုက် ဆောင်ရွက် ပြောဆိုမှုတွေကြောင့် မြန်မာတစ်မျိုးသားလုံးနဲ့ ဘင်္ဂါလီပြဿနာ အတင်းမာဆုံးအခြေအနေ ဖြစ်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြစ်ကူးစစ်ဆင်ရေး စစ်ရေးလေ့ကျင့်မှုဆိုပြီး ခေတ်မီတိုက်လေယာဉ်ပျံတွေနဲ့ စစ်ရေးလေ့ကျင့်ပြခြင်းဟာလည်း သွယ်ဝိုက်သောနည်းနဲ့ ရခိုင်ပြည်နယ်ရှိဘင်္ဂါလီတွေကို အားပေးအားမြောက် ပြုလိုက်သလို မြန်မာအစိုးရကိုလည်း ခြိမ်းခြောက်လိုက်သလိုဖြစ်ခဲ့ပါတယ်။
    အချုပ်အခြာအာဏာပိုင်တဲ့ မြန်မာနိုင်ငံကို ပြည်တွင်းစစ်အားနည်းမှု၊ ယခင်စစ်အစိုးရအားနည်းမှု၊ ဒီမိုကရေစီ အားနည်းမှု၊ တိုင်းပြည်ဆင်းရဲတဲ့အားနည်းမှု စတာတွေကို အခြေခံပြီး ကုလသမဂ္ဂလို အဖွဲ့အစည်းက တာဝန်ရှိသူတွေ ယုတ်စွအဆုံး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းအပါအဝင် ဝန်ထမ်းတွေ၊ နိုင်ငံတွေက မထေမဲ့မြင်ပြုပြီး နိုင်ငံ တကာစည်းကမ်းကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်ပြောဆိုပြခဲ့ကြပါတယ်။ ဘယ်နိုင်ငံမှလက်မခံနိုင်တဲ့ ခိုးဝင် ဘင်္ဂါလီကိစ္စမျိုးကို မြန်မာနိုင်ငံက လက်ခံဖို့ အမိန့်ပေးညွှန်ကြားလာကြပါတယ်။ မြန်မာနိုင်ငံရဲ့ တရားဝင်ရွေးကောက်ခံ ထားရတဲ့ သမ္မတကိုယ်တိုင်က လက်မခံပါဘူးဆိုတဲ့ ဘင်္ဂါလီကိစ္စကို နာမည်တုပေးပြီး လက်ခံခိုင်းခဲ့တာကတော့ မြန်မာ နိုင်ငံပြည်သူ သန်း(၅၀)ကျော်လုံးကို မထေမဲ့မြင်ပြုလိုက်တာပါပဲ။ မြန်မာနိုင်ငံဟာ စစ်အင်အား၊ ဓနအင်အားအစစနိမ့်ကျ နေတဲ့အတွက်ကြောင့် မလေးစားဘူးဆိုတဲ့သဘော သက်ရောက်နေပါတယ်။
    ဦးတေဇ ယူရေနီယံတွေ့တယ်လို့ကြေညာတဲ့နောက်ကွယ်မှာ ဘယ်လိုကိစ္စတွေရှိနိုင်မလဲဆိုတာ မသိနိုင်ပေမယ့် အဲဒီကြေညာချက်ဟာ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံကို အထင်သေးနှိမ့်ချဆက်ဆံနေတဲ့နိုင်ငံတွေနဲ့ အိမ်နီးချင်းတွေအတွက် ခေါင်းလောင်းနီထိုးလိုက်တာပါပဲ။ ယူရေနီယံကို ကိုယ့်နိုင်ငံထဲမှာရှာတွေ့ရင် ကိုယ့်စိတ်ကြိုက်သုံးစွဲခွင့်ရှိပါတယ်။ နျူကလီးယားမပြန့်ပွားဖို့အတွက် တစ်ခြားနိုင်ငံကိုတရားမဝင်ရောင်းမချဖို့သာ အရေးကြီးတာပါ။ မြန်မာနိုင်ငံမှာ တရားဝင် ယူရေနီယံတွေ့တယ်ဆို နိုင်ငံတကာက နိုင်ငံကြီးတွေ ဘာဆက်လုပ်ကြမလဲ။ ဒီအတိုင်းပဲ မင်းလုပ်ချင်တာမင်းလုပ်ဆို ပြီးတော့ လွှတ်မထားရဲပါဘူး။ လေးလေးစားစားဆက်ဆံလာရတော့မှာပါ။ ဘန်ကီမွန်းလည်း ဘင်္ဂါလီတွေကို နိုင်ငံသား ပေးလိုက်ပါလို့ တရားလက်လွတ်မပြောနိုင်တော့ပါဘူး။ ဘင်္ဂလားဒေ့ရှ်ကလည်း MIG 29 တွေနဲ့ မြစ်ကူးစစ်ဆင်ရေးတွေ မလုပ်ရဲတော့ပါဘူး။ ဖဲစကားနဲ့ပြောရရင် ဦးတေဇက အောက်ဖဲလှန်ပြလိုက်တာပါပဲ။ နိုင်ဖဲကိုပြလိုက်တာပါပဲ။
    အိမ်နီးချင်းအင်အားကြီးနိုင်ငံတွေရော၊ ဘာသာရေးဖိအားတွေရောကို နိုင်ဖဲပြပြီးရှိုးလိုက်တာပါပဲ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း နျူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချဖို့ ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ တရားဝင်ထုတ်ဖော်ပြောကြားထားခဲ့ဖူးပါတယ်။
    ဆောင်းပါးအစကို ပြန်ကောက်ပါ့မယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာအသုံးချဖို့ နျူစွမ်းအင်ကို အကောင်အထည် ဖော်သင့်ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ ကမ္ဘာနှင့်ယှဉ်လိုက်ရင် နှစ်ပေါင်းများစွာနောက်ကျကျန်ရစ်ခဲ့ပါပြီ။ အရှေ့ တောင်အာရှမှာ လျှပ်စစ်မီတာခအများဆုံးပေးပြီး အသုံးပြုရတဲ့ပြည်သူတွေက ဆင်းရဲတဲ့မြန်မာပြည်သူတွေပါပဲ။ မကြာ သေးတဲ့နေ့တွေက မြန်မာနိုင်ငံလျှပ်စစ်ကဏ္ဍမှာ တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံရေအားလျှပ်စစ်ကို သေသေချာချာ ဆောင်ရွက်သွားမယ်ဆို မဂ္ဂါဝပ်သုံးသိန်းလောက်ရနိုင်တယ်လို့ ပြောသွားခဲ့တယ်။ ပြည်သူတွေက အဲဒီလိုစကားနဲ့ပဲ အမှောင်ထဲမှာ ဖယောင်းတိုင်ထွန်းနေခဲ့ရတာ ဒီနေ့ကာလအထိပါပဲ။
    နိုင်ငံတကာမှာ ပေ(၂၀)ကွန်တိန်နာတစ်လုံးလောက်သာကြီးမားတဲ့၊ မဂ္ဂါဝပ်တစ်ထောင်ထုတ်ပေးနိုင်တဲ့ နျူစွမ်း အင်သုံးမီးအားပေးစက်ရုံတွေပေါ်နေကြပြီ။ လောင်စာဖြစ်တဲ့ယူရေနီယံကို ကိုယ့်နိုင်ငံထဲမှာရနိုင်နေရင် မီးစက်တစ်လုံးရဲ့ တန်ဖိုးက ဘယ်လိုမဆိုဝယ်ယူအသုံးပြုနိုင်တဲ့ ပမာဏပဲရှိပါလိမ့်မယ်။
    လျှပ်စစ်မီးဟာ နိုင်ငံတစ်နိုင်ငံအတွက်အခြေခံအကျဆုံးဖွံ့ဖြိုးမှု လုပ်ဆောင်ပေးမယ့်အရာဖြစ်ပါတယ်။ လျှပ်စစ် ကို ဈေးပေါပေါနဲ့လိုသလောက်ပေးနိုင်ပြီဆိုတာနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ချက်ချင်းဝင်ရောက်လာပါလိမ့်မယ်။ (၃)နှစ်ကနေ(၅)နှစ်ကြားတည်ဆောက်ရတဲ့ရေအားလျှပ်စစ်က ဒေသခံတွေအတွက်ရော၊ နိုင်ငံရေးအတွက်ရော၊သဘာဝ ပတ်ဝန်းကျင်ဆိုတာတွေအတွက်ရော အကန့်အသတ်ရှိပါတယ်။ ယူရေနီယံသတ္တုတရားဝင်ထွက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ အတွက် အသေးစားနျူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေ လာရောက်တည်ဆောက်ပေးဖို့ နိုင်ငံတကာကရော၊ နိုင်ငံ ကြီးတွေကပါ ငြိုငြင်ကြမှာမဟုတ်ပါဘူး။ (တရုတ်နိုင်ငံတွေမှာ ဖျက်သိမ်းတော့မယ့် ကျောက်မီးသွေးစက်ရုံတွေ မြန်မာ နိုင်ငံကို လှမ်းကြည့်နေကြပါတယ်။ စကားချပ်)။
    တစ်ဖက်ကကြည့်ရင်လည်း ကျောက်မီးသွေးစက်ရုံလေး၊ ဒုတိယကမ္ဘာစစ်က အင်္ဂလိပ်တည်ဆောက်ပေးခဲ့တဲ့ ဘီလူးချောင်းရေအားလျှပ်စစ်လေးနဲ့ ခနော်နီခနော်နဲ့ ရပ်တည်နေတဲ့ မြန်မာနိုင်ငံမှာ နျူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံရှိတယ်ဆိုရင် ဖွတ်ချက်ကားလေးစီးရာကနေ လင်ခရူဇာ၊ ပရာဒိုပြောင်းစီးလိုက်တဲ့သူလို ဘေးလူတွေကလည်း လေးလေးစားစားနဲ့ ခေါင်းထောင်ကြည့်ကြပါလိမ့်မယ်။
    ချုပ်ပြောရရင် မြန်မာနိုင်ငံမှာ နျူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံတွေ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ နျူစွမ်းအင် ကို ငြိမ်းချမ်းစွာအသုံးပြုဆောင်ရွက်ဖို့ လိုအပ်ပါတယ်။  ဦးတေဇ ယူရေနီယံတွေ့တယ်ဆိုတာ  မြန်မာနိုင်ငံရဲ့နိုင်ငံတကာ စာမျက်နှာမှာ အပြောင်းအလဲသေချာပေါက်ဖြစ်စေတဲ့ ပြောဆိုချက်ဖြစ်တယ်ဆိုတာလည်း သေချာပါတယ်။
    (ယူရေနီယံကို တကယ်မတွေ့ဘူးဆိုရင်လည်း အပြောင်းအလဲလည်းဖြစ် ပြောထားတာလည်းမမှားရအောင် ခိုးသာဝယ်ထားတော့လို့ ဦးတေဇကို အကြံပေးရတော့မယ်။ စကားချပ်)။
                                                                                               မိုးတင့် (ရန်ကုန်တက္ကသိုလ်)
Credit to : လူထုပုံရိပ်ဂျာနယ်

1 comment:

  1. တကယ်ကို ရှိသင့်နေပြီ

    ReplyDelete