23.4.15

လှော်ကားတွင် ငှက်ကြည့်ခ ကျပ်တစ်သောင်း ကောက်ခြင်းကို ငှက်ဝါသနာရှင်များဝေဖန်


ဆောင်းခိုငှက်နှင့် ဌာနေ ငှက်များ လာရောက်ကျက်စားရာ လှော်ကားသဘာဝဥယျာဉ်တွင် ငှက်ကြည့်ရှုသူများအား ငှက်ကြည့်ခတစ်သောင်းကျပ်ကောက် ခံနေမှုကို ငှက်ဝါသနာရှင်များက ဝေဖန်နေကြောင်း သတင်းရရှိသည်။


လှော်ကားသဘာဝဥယျာဉ် တွင် သဘာဝအတိုင်းလာရောက် ကျက်စားနေသည့် ငှက်များကို လာရောက်ကြည့်ရှုသော ပြည် တွင်း ငှက်ကြည့်ဝါသနာရှင်များ အား ၀င်ကြေးအပြင် ငှက်ကြည့်ခအဖြစ် တစ်သောင်းကျပ် ကောက်ခံလျက်ရှိသည်ဟု ငှက်ကြည့်ရှုသူ များကပြောသည်။

‘‘ငှက်ကြည့်ခဆိုပြီး သတ်သတ်ကောက်တယ်။ ဒီလိုပိုက်ဆံ ကောက်ပေမယ့် ငှက်ကြည့်တဲ့သူ တွေအတွက် ဘာမှထောက်ပံ့ပေး တာမရှိဘူး။ ဒီငှက်တွေကလည်း  သဘာဝအတိုင်းလာတဲ့ငှက်တွေ’’  ဟု ငှက်ကြည့်ဝါသနာရှင် ကိုဉာဏ်လင်းကပြောသည်။

သဘာဝအတိုင်း လာရောက် ကျက်စားသည့် ငှက်များ ကြည့်ရှုရာတွင် ငွေကြေးကောက်ခံမှု ပြုလုပ်နေသော်လည်း ငှက်ထိန်းသိမ်းရေးနှင့် ငှက်ကြည့်ရှုသူများအတွက် ၀န်ဆောင်မှုများ ပြုလုပ်ခြင်းမရှိပေ။

‘‘ငှက်ကြည့်ခဆိုပြီး သီးသန့် ကောက်မယ်ဆိုရင် ငှက်လာကြည့်သူတွေအတွက် သူတို့ ဘာဝန်ဆောင်မှုတွေပေးလဲ။ ငှက်လာကြည့်သူတွေအတွက် ၀န်ဆောင်မှုတွေပေးထားရင် ငှက်တွေအတွက် ငွေတွေအများကြီး ကုန်ကျထားရင်တော့ တစ်သောင်းပေးသင့်ပါတယ်။ ဒါပေမဲ့ ဘာဆိုဘာတစ်ခုမှကို ငှက်အတွက်ရော၊ ငှက်ကြည့်တဲ့သူတွေအတွက်ရော မလုပ်ဘဲနဲ့ မတရားတောင်းတာတော့ မပေးသင့်ဘူး’’ဟု ငှက်ထိန်းသိမ်းရေးပညာရှင် ဦးသက်ဇော်နိုင်ကပြောသည်။

‘‘လှော်ကားက သဘာဝ ထိန်းသိမ်းရေးနယ်မြေဖြစ်တယ်။ ပြည်သူတွေကို အသက်သာဆုံးနဲ့ သဘာဝအတိုင်း လေ့လာလို့ရတဲ့ နေရာ။ ပြီးတော့ ငှက်ကြည့်တဲ့သူ တွေများအောင် လုပ်နေရတဲ့အချိန်မှာ အမြင်ကျဉ်းမြောင်းစွာနဲ့ ငွေကြေးတစ်ခုတည်း ရယူလိုမှုနဲ့ မလုပ်သင့်ဘူး’’ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဒေါက်တာသိန်းအောင်ကပြောသည်။

ငှက်ကြည့်ဝင်ကြေးကို ပြည် တွင်းနှင့် နိုင်ငံခြားငှက်ကြည့်ဝါသ နာရှင်များ အဖွဲ့လိုက်ဖြစ်စေ၊တစ် ဦးချင်းဖြစ်စေ ယခင်ငါးထောင် ကျပ် ကောက်ခံနေရာမှ ၂၀၁၄ သြ ဂုတ် ၁ ရက်မှစတင်၍ ပြောင်းလဲ ကောက်ခံနေသည်ဟု လှော်ကားသဘာဝဥယျာဉ်မှ အုပ်ချုပ်ရေးမှူးဦးမောင်ကိုကပြောသည်။

‘‘ငှက်ကြည့်ခ ကောက်တာ က ငှက်ကြည့်သူတွေက ဥယျာဉ် မဖွင့်ခင် နံနက်အစောကြီး လာရောက်ကြည့်ရှုရတဲ့အတွက် သူတို့ရဲ့လုံခြုံရေးနဲ့ နောက် ငှက်ကြည့်လမ်းညွှန်တွေပါ စီစဉ်ရတဲ့အတွက် ကောက်တာပါ’’ဟု ဦး မောင်ကိုကပြောသည်။

လှော်ကားသဘာဝဥယျာဉ်သည် ရန်ကုန်မြို့နှင့်အနီးဆုံးဖြစ်သည့် သဘာဝဥယျာဉ်တစ်ခုဖြစ်ပြီး ၆၂ ဧက ကျယ်ဝန်းသော တိရစ္ဆာန်ဥယျာဉ်ငယ်၊ ၈၁၈ ဧက ကျယ်ဝန်းသည့် သဘာဝဥယျာဉ် နှင့် ကြားခံနယ်မြေ ၆၆၀ ဧက ရှိသဖြင့် စုစုပေါင်း ၁,၅၄၀ ဧက ကျယ်ဝန်းသော ကျေးငှက်တိရစ္ဆာန်များကို သဘာဝအတိုင်း မြို့ပြအနီးအနားတွင် လေ့လာနိုင်သည့်နေရာတစ်ခုဖြစ်သည်။

Credit: 7Day News

0 comments:

Post a Comment