4.5.15

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်လက်မှတ်နှင့် အောင်လက်မှတ်မိတ္တူ လျှောက်လွှာပုံစံများကို အွန်လိုင်းမှတစ်ဆင့်ယူကာ လျှောက်ထားနိုင်


တက္ကသိုလ်ဝင်တန်း/ အခြေခံပညာ အထက်တန်း စာမေးပွဲ အောင်လက်မှတ်နှင့် အောင်လက်မှတ် မိတ္တူများကို ထုတ်ယူရန်အတွက် လျှောက်လွှာ ပုံစံများကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနဝက်ဘ်ဆိုက် ဖြစ်သော www.moemyanmar.net မှတစ်ဆင့် ဒေါင်းလုပ်ပြုလုပ်ကာ ဖြည့်စွက်လျှောက်ထား နိုင်မည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများကို ဖြည့်စွက်၍ ရုံးအမှတ် ၅၂၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ နေပြည်တော်နှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (ရန်ကုန်ရုံးခွဲ) ဇွဲကပင်ဆောင်၊ လှိုင်တက္ကသိုလ်ဝင်း၊ ရန်ကုန်မြို့တို့သို့ သွားရောက် လျှောက်ထားနိုင်မည်ဖြစ်သည်။
အောင်လက်မှတ်များကို လျှောက်ထားရာတွင် ဓာတ်ပုံနှစ်ပုံ၊ ပညာရေး ဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်း ၄၀၀ ကျပ်တန်၊ နိုင်ငံသား စိစစ်ရေးကတ် မိတ္တူများ လိုအပ်ပြီး အောင်လက်မှတ်ကို ကိုယ်စားလှယ်ဖြင့် ထုတ်ယူလို သူများသည် ထုတ်ယူမည့် ကျောင်းသားနှင့် ကိုယ်စားလှယ်တို့၏ နိုင်ငံသား စိစစ်ရေးမိတ္တူ ကိုယ်စားလှယ် လွှဲစာများကို ယူဆောင်သွားရမည်ဖြစ်သည်။
အောင်လက်မှတ် ပျောက်ဆုံး၍ ပြန်လည် လျှောက်ထားလို သူများအနေဖြင့် အွန်လိုင်းမှ လျှောက်လွှာပုံစံကို ရယူလျှောက်ထားနိုင်ပြီး ထုတ်သည့်အခါတွင် ကိုယ်တိုင် လာရောက် ထုတ်ယူရမည် ဖြစ်သည်။ ယခင်က ကျမ်းကျိန်လွှာ၊ ရဲစခန်း ထောက်ခံစာများ လိုအပ်သော်လည်း ယခုအခါတွင် ပညာရေး ဝန်ကြီးဌာန၏ ပြန်တမ်းဝင် အရာရှိနှစ်ဦး၏ ထောက်ခံချက်သာ လိုအပ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ထိုက်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။
အောင်လက်မှတ် မိတ္တူကို တစ်ကြိမ်သာ ထုတ်ပေးမည်ဖြစ်ပြီး ထုတ်ယူရန်အတွက် ပညာရေး ဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်း ကျပ် ၁,၀၀၀ ဖိုး ဝယ်ယူကာ လျှောက်လွှာတွင် ကပ်ကာ အမည်၊ နိုင်ငံသား စိစစ်ရေးအမှတ်၊ အောင်မြင်သည့်ခုနှစ်၊ ပညာရေး ဝန်ကြီးဌာနအောက်ရှိ ပြန်တမ်းဝင်အရာထမ်း (အလယ်တန်း ကျောင်းအုပ်အဆင့်နှင့် အထက်) ၏ ထောက်ခံချက်၊ ပျောက်ဆုံးသည့် အကြောင်းအရင်းနှင့် ဝန်ခံချက်တို့ကို ရေးသားပြီး လိုအပ်ချက်များ ဖြည့်စွက်ကာ ဓာတ်ပုံနှစ်ပုံဖြင့် လျှောက်ထား နိုင်မည်ဖြစ်သည်။

Credit to>>> Internet Journal

0 comments:

Post a Comment