4.5.15

‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့နယ်ရှိ ယခင် ဗကပ ဗဟိုဌာနချုပ်နေရာအား ပြည်ပဧည့်သည်များ အပါအ၀င် ခရီးသွားများ လာရောက်ကြည့်ရှုနိုင်ရန် ပြင်ဆင်မွမ်းမံရန်ရှိ


‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်းမြို့နယ်ရှိ ယခင် ဗကပ ဗဟိုဌာနချုပ်နေရာအား ပြည်ပဧည့်သည်များ အပါအ၀င် ခရီးသွားများ လာရောက်လည်ပတ် ကြည့်ရှုနိုင်ရန် ပြင်ဆင်မွမ်းမံသွားရန် အစီအစဉ်ရှိကြောင်း ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ‘၀’ ဒေသ ကျန်းမာရေးဗျူရိုမှ ညွှန်ကြားရေးမှူး ဦးထွန်းကြည်က ‘‘ဒီနေရာ (ဗကပဌာနချုပ်)က ပန်ဆန်း (ပန်ခမ်း)မြို့ အရှေ့တောင်ဘက်နားမှာ ရှိပါတယ်။ ဒီနေရာကို ကျွန်တော်တို့ အဆင့်မြင့်ပြင်ဆင် မွမ်းမံသွားဖို့ အစီအစဉ် ရှိတယ်။ နိုင်ငံခြား ခရီးသွားတွေရော အခြားခရီးသွားတွေပါ လာရောက်လည်ပတ် ကြည့်ရှုနိုင်တဲ့ နေရာတစ်ခု၊ သမိုင်းဝင်နေရာတစ်ခုလိုမျိုးဖြစ်အောင် လုပ်သွားဖို့ ရှိတယ်။ ဘယ်တော့လုပ်မှာလဲ ဆိုတာတော့ ဆွေးနွေးကြဦးမယ်။ အခုလည်း ဒီနေရာကို လာရောက်ကြည့်ရှုတာမျိုးတွေ ရှိတယ်။ အောက်မြန်မာပြည်ကလည်း လာတယ်။ အရင်က အစိုးရလူကြီးတွေတောင် ဒီနေရာကို ရောက်ဖူးကြတယ်။ ဒီနေရာကို ၁၉၉၂ ကတစ်ခါ ပြင်ဆင်မွမ်းမံဖူးတယ်။ နောက်ပိုင်းထပ်မလုပ်ဖြစ်ဘူး။ အခုတော့ ထပ်ပြီးပြင်ဆင် မွမ်းမံတာ လုပ်သွားဖို့ ရှိတယ်။ အစီအစဉ် အသေးစိတ်ကတော့ ဆွေးနွေးညှိနှိုင်းသွားရဦးမှာပါ။ ဒီစခန်းဟောင်းနေရာမှာ ဗကပ ဥက္ကဋ္ဌနေအိမ်၊ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနေသွားတဲ့အိမ်၊ စခန်းရုံးနေရာတွေ ရှိပါတယ်’’ ဟု ပြောကြားခဲ့သည်။

ယခင် ဗကပ ဗဟိုဌာနချုပ်ရုံး နေရာဟောင်းသည် တရုတ်-မြန်မာ နယ်စပ် ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ဆန်း(ပန်ခမ်း)မြို့နယ်တွင် တည်ရှိပြီး နှစ်နိုင်ငံနယ်ခြား နမ်ခချောင်းအနီးတွင် တည်ရှိကြောင်း သိရသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ဗဟိုဌာနချုပ်နေရာတွင် ၁၉၆၀ ပြည့်နှစ်မှစကာ မြန်မာပြည်မြောက်ပိုင်း နယ်စပ်ဒေသများသို့ ၀င်ရောက်ကာ တော်လှန်ရေးအခြေခံ ဒေသများ ဖွင့်လှစ်တည်ဆောက်ခဲ့ကြောင်း၊ ၁၉၆၉ ခုနှစ် စက်တင်ဘာ လတွင် ‘၀’ နယ်ဒေသအတွင်း ၀င်ရောက်ပြီးနောက် ခရိုင်၊ မြို့နယ်၊ ကျေးရွာ၊ အထူးမြို့နယ် စသည့်အဆင့်ဆင့် အာဏာဖွဲ့စည်းမှုနှင့် စခန်းများ တည်ဆောက်ခဲ့ကြောင်း၊ ၁၉၇၈ ခုနှစ် ဇူလိုင်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်ရုံးကို ‘၀’ နယ်ဒေသရှိ ပန်ဆန်း(ပန်ခမ်း)မြို့သို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ယင်းနေရာမှ တစ်ပြည်လုံး၏ တော်လှန်ရေးလှုပ်ရှားမှုကို ဦးစီးညွှန်ကြားခဲ့ကြောင်း သိရသည်။

ဗကပ ဗဟိုဌာနချုပ်ရုံးတွင် ကြာရှည်စွာနေထိုင်ခဲ့သူများမှာ ဗကပ ဗဟိုကော်မတီဥက္ကဋ္ဌ သခင်ဗသိန်းတင်၊ ဒုဥက္ကဋ္ဌ သခင်ဖေတင့်၊ အတွင်းရေးမှူး သခင်မောင်ကြီး၊ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် ဗိုလ်သန်းရွှေ၊ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောတို့ဖြစ်ကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုစခန်းဟောင်း သမိုင်းအကျဉ်းချုပ်တွင် ဖော်ပြထားချက်အရ သိရသည်။ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဗဟိုဌာနချုပ်ရုံးသည် ၁၉၈၉ ခုနှစ် ဧပြီ ၁၇ ရက်တွင် ပန်ဆန်းဒေသမှ ဆုတ်ခွာသွားခဲ့ကြောင်း အဆိုပါသမိုင်းအကျဉ်းချုပ်တွင် ဖော်ပြထားသည်။

Credit to>>> Eleven Media Group

0 comments:

Post a Comment