5.5.15

အပျက်အစီးများအောက် တစ်ပတ်ပိတ်မိခဲ့သည့် အသက် ၁၀၁ နှစ်ရှိ နီပေါအဘိုးအို သေကံမရောက်


ခတ္တမန္ဒူ၊ မေ ၄။    အိမ်အပျက်အစီးများအောက်တွင် သီတင်းပတ်တစ်ပတ်ကြာ ပိတ်မိခဲ့သော အသက် ၁၀၁ နှစ်အရွယ် အဘိုးအိုတစ်ဦးကို ရဲတပ်ဖွဲ့က အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရ အရာရှိ ကာမယ်ဆင်းဘမ်က CNN သတင်းဌာနကို ပြောကြားခဲ့သည်။


ဘိုးသက်ရှည်ကြီးသည် ယခုအခါ ကျန်းမာရေး အခြေအနေ တည်ငြိမ်လျက်ရှိကာ အဆိုပါ အမျိုးသားကြီး အပျက်အစီးများအောက်တွင် မည်သို့ရပ်တည် ရှင်သန်နေနိုင်ခဲ့သနည်းနှင့် ဒဏ်ရာက မည်မျှပြင်းထန်သည် ဆိုသည်ကို ရဲက မပြောနိုင်သေးပေ။

ခတ္တမန္ဒူမြို့တော် အနောက်မြောက် နူဝါကော့ခရိုင်မှ အဆိုပါ အမျိုးသားကြီးကို ပြန်လည်ကယ်ဆယ်ခဲ့ခြင်း ဖြစ်သည်။

နီပေါတွင် ပြင်းအား ၇ ဒသမ ၈ ရှိသော ငလျင်ကြီး လှုပ်ခတ်ခဲ့လေရာ သေဆုံးသူ ၇၂၅၀ ဦးရှိပြီး ဒဏ်ရာရသူက ၁၄,၁၂၂ ဦး ရှိသည်ဟု အမျိုးသား သဘာဝဘေးဒဏ်ဆိုင်ရာ ဌာနက ထုတ်ပြန်ပေးထားသည်။

သေဆုံးသူ အရေအတွက်သည် ထို့ထက် ပိုမိုမြင့်တက်လာနိုင်သည်ဟု နီပေါအစိုးရ ဝန်ကြီးတစ်ဦးက ခန့်မှန်းထားသည်။

“အိမ်တွေအားလုံး ပြိုကျသွားတဲ့ ရွာတွေအများကြီး ရှိနေပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီဒေသတွေကို မရောက်နိုင်သေးပါဘူး” ဟု ဘဏ္ဍာရေးဝန်ကြီး ရမ်ရှာရမ်မာဟတ်က အဇာဘိုင်ဂျန်နိုင်ငံသို့ ရောက်ရှိနေစဉ် ပြောကြားခဲ့သည်။

နီပေါငလျင်ကြောင့် ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ်ထားသော ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများ၊ ဘုရားကျောင်းများလည်း ပြိုကျပျက်စီးခဲ့ရသည်။

နီပေါကဲ့သို့ ဟိမဝန္တာတောင်ကြောပေါ်တွင် တည်ရှိသော အိန္ဒိယနှင့် တရုတ်ဘက်မှ ဒေသများတွင်လည်း သေဆုံးသူ စုစုပေါင်း ၁၀၀ ခန့် ရှိသည်။

ယခုကဲ့သို့ အလွန်ကြီးမားသော သဘာဝဘေးဒဏ်ကြီးကို ရင်ဆိုင်နိုင်ရန် စီမံခန့်ခွဲရာ၌ နီပေါအစိုးရအတွက် မနိုင်ဝန် ဖြစ်နေကြောင်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က သတိပေးထားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုကဲ့သို့သော နိုင်ငံများမှ ကယ်ဆယ်ရေးသမားများ ရောက်ရှိနေကြပြီး အပျက်အစီးအောက် ပိတ်မိနေသူများကို ကြိုးစားကယ်ဆယ်လျက် ရှိသည်။

Credit to >>> The Voice Weekly

0 comments:

Post a Comment