18.6.15

ဒဂုံစီးတီး စီမံကိန်းများ ရပ်ဆိုင်းရန် ရန်ကုန်စည်ပင်ကော်မတီဝင် စာထုတ်ကန့်ကွက်


 ရွှေတိဂုံစေတီတော်အနီး တပ်ပိုင်မြေ ငှားရမ်းကာ အိမ်ရာစီမံကိန်း လုပ်ကိုင်လျက်ရှိသည့် ဒဂုံစီးတီး (၁) နှင့် (၂) စီမံကိန်းများသည် ရွှေတိဂုံဘုရားနှင့် သမိုင်းဝင်ဘုရားကြီးများ၏ မြင်ကွင်းကို ပျောက်ကွယ်စေသောကြောင့် အပြီးသတ်ရပ်ဆိုင်းနိုင်ရန် သဘောထားမှတ်ချက်စာ ထုတ်ကာ ကန့်ကွက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကော်မတီဝင် (၇) ဦးခင်လှိုင်က ပြောကြားသည်။


ယင်းမြေနေရာသည် ယဉ်ကျေးမှု အမွေအနှစ် ဇုန်ဒေသအဖြစ် သတ်မှတ်ရန် နေရာဖြစ်ကာ လူနေအဆောက်အအုံများ ဆောက်လုပ်နေထိုင်ခြင်းသည် ရွှေတိဂုံ အပါအဝင် အနီးအနားရှိ ဘာသာရေးနှင့် ယဉ်ကျေးမှု နေရာများတွင် ဆူညံမှုများ၊ လူမှုရေးရှုပ်ထွေးမှုများ ဖြစ်လာနိုင်ခြင်းကြောင့် ယင်းစီမံကိန်းများ၊ အဆောက်အအုံများ ဆောက်လုပ်ရန်မသင့်ဘဲ ရပ်ဆိုင်းရန် လိုအပ်ကြောင်း သဘောထားမှတ်ချက် ထုတ်ပြန်စာတွင် ထည့်သွင်းအကြံပြုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးခင်လှိုင်ထံမှ သိရှိရသည်။

တပ်ပိုင်မြေ ဧက စုစုပေါင်း ၁၃၆ ဒသမ ၆၃၈ ဧကအနက်မှ ကုမ္ပဏီငါးခုက ငှားရမ်းထားသော စုစုပေါင်း မြေဧက ၄၉ ဒသမ ၇၈၅၄ ဧကအတွက် တစ်နှစ်စာ ငှားရမ်းခသည် မြန်မာငွေကျပ် သန်းပေါင်း ၈၉၀၀ ခန့်ကိုသာ ကာကွယ်ရေး ဝန်ကြီးဌာနက ရရှိမည်ဖြစ်ကာ ယင်းမြေပေါ်သို့ ရောက်ရှိ လာမည့် လူဦးရေ၏ အသုံးပြုမည့် ကားများကြောင့် ကမ္ဘာအေးဘုရား လမ်းနှင့် ဦးထောင်ဘိုအဝိုင်း ပတ်ဝန်းကျင်တွင် ယခုထက်ပင် ယာဉ်ကြော ပိတ်ဆို့မှု ပိုမိုဆိုးရွားလာမည် ဖြစ်၍ ယင်းမြေနေရာတွင် လူနေအဆောက် အအုံများ လုံးဝမဆောက်လုပ်သင့်ကြောင်း ၎င်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

“ပြည်သူအားလုံးရဲ့ ဆန္ဒအတိုင်း ဒဂုံစီးတီးကို ရပ်ဆိုင်းဖို့ ကန့်ကွက်တာကို ကြိုဆိုရမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ဆိုသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်သော ဒဂုံစီးတီးဝမ်း စီမံကိန်း အနေနှင့်လည်း ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ခင်ကတည်းက နိုင်ငံတစ်နိုင်ငံ၏ အခြေအနေ၊ မူဝါဒများကို ကြိုတင်လေ့လာထားရန် လိုအပ်ကာ၊ ယဉ်ကျေးမှုနှင့်ဆိုင်သော နေရာများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းသည် မှားယွင်းကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

ဒဂုံစီးတီး ၁ စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို ပြီးခဲ့သော နှစ်ကုန်ပိုင်းက စတင်ခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီ ၂၂ ရက်နေ့မှ စတင်ကာ မြန်မ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ညွှန်ကြားချက်ဖြင့် လုပ်ငန်း ယာယီရပ်ဆိုင်းထားသည်။

Credit to>>>The Voice Weekly

0 comments:

Post a Comment