18.6.15

ရုရှားနှင့် ထိစပ်နေသော ဥရောပနိုင်ငံများတွင် F-22 ဂျက်တိုက်လေယာဉ်များ ထားရှိရန် အမေရိကန် ပြင်ဆင်


ယူကရိန်းနိုင်ငံ စစ်မက်ပဋိပက္ခတွင် ရုရှားအစိုးရ ဝင်ရောက်စွက်ဖက်မှုများကို ဆန့်ကျင်တုံ့ပြန်မှုကို ပြသသည့်အနေနှင့် အမေရိကန်လေတပ်က ဥရောပဒေသသို့ F-22 အမျိုးအစား ဂျက်တိုက်လေယာဉ်များ ပို့လွှတ်ထားရန် ပြင်ဆင်လျက်ရှိသည်ဟု သတင်းထွက်ပေါ်လာကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။


ရုရှားနိုင်ငံသည် ယူကရိန်း ကရိုင်းမီးယားဒေသကို သိမ်းပိုက်ရယူပြီးနောက် ယူကရိန်း စစ်မက်ပဋိပက္ခတွင် ဝင်ရောက်စွက်ဖက်ရုံမျှမက အိမ်နီးချင်း ဥရောပဒေသ အရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းလျက် ရှိသောကြောင့် ယင်းနိုင်ငံ၏ ခြေလှမ်းများကို ဟန့်တားသည့် အနေနှင့် ဥရောပ မဟာမိတ်နိုင်ငံများသို့ F-22 ဂျက်တိုက်လေယာဉ်များ စေလွှတ်ထားရန် အမေရိကန်လေတပ်က ပြင်ဆင်နေခြင်း ဖြစ်သည်။

“ကျွန်တော်တို့ စိတ်ထဲမှာ ရှိနေတဲ့ အကြီးမားဆုံး အန္တရာယ်က ရုရှားနဲ့ ဘာတွေဖြစ်နေတယ် ဆိုတာနဲ့ ရုရှားနိုင်ငံ ဘာတွေပြုမူ လုပ်ကိုင်နေတယ် ဆိုတာပါပဲ” ဟု အမေရိကန်လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ Deborah James က ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပပြုလုပ်သည့် လေကြောင်းပြပွဲသို့ ရောက်ရှိနေစဉ် ပြောကြားသည်။
“ယူကရိန်းနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတဲ့ ကိစ္စဟာ အင်မတန် စိုးရိမ်စရာကောင်းတဲ့ ကိစ္စပါပဲ” ဟု ၎င်းက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု၏ စစ်ဘက်ဆိုင်ရာ နာမည်ကျော် ဝက်ဘ်ဆိုက်များဖြစ်သော Military.com နှင့် Breaking Defense တို့ကလည်း ၎င်း၏ ပြောဆိုမှုများကို ကိုးကားဖော်ပြခဲ့သလို ဥရောပ မဟာမိတ်နိုင်ငံ၊ အထူးသဖြင့် ရုရှားနှင့် ထိစပ်နေသော နေရာဒေသများတွင် အမေရိကန် F-22 ဂျက်တိုက်လေယာဉ်များ ထားရှိရန် စီစဉ်လျက်ရှိသော သတင်းများကို ဖော်ပြခဲ့ကြသည်။

အမေရိကန်ပြည်ထောင်စုသည် လတ်တလောလပိုင်းများ အတွင်း ဥရောပ မဟာမိတ်များနှင့် စစ်ရေး ပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ်ရန် စစ်လေယာဉ်များကို အလှည့်ကျစေလွှတ်ခဲ့ပြီး ဥရောပ လုံခြုံရေးအတွက် အမေရိကန်ပြည်ထောင်စု၏ ပါဝင်ဆောင်ရွက်မှုဟူသည့် အစီအစဉ်ကို အကောင်အထည်ဖော်လျက် ရှိသည်။

ဥရောပ မဟာမိတ်နိုင်ငံများနှင့် စစ်ရေး ပူးပေါင်းလေ့ကျင့်ရာတွင် B-2 နှင့် B-52 ဗုံးကြဲလေယာဉ်များ ပါဝင်သလို F-15 နှင့် A-10 တိုက်ခိုက်ရေး လေယာဉ်များလည်း ပါဝင်ခဲ့သည်။

“F-22 လေယာဉ်မျိုးတွေ ဥရောပဒေသကို စေလွှတ်မယ့်နေ့ ဘယ်နေ့ဖြစ်မလဲ ဆိုတာကို ကျွန်တော်သိနေတယ်။ ဒါပေမဲ့ ဘယ်နေ့လဲ ဆိုတာကိုတော့ မပြောပြနိုင်ပါဘူး” ဟု James ၏ ပြောကြားချက်ကို Military.com က ကိုးကားဖော်ပြသည်။

မကြာသေးခင်ရက်ပိုင်း အတွင်းကလည်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ဥရောပနိုင်ငံများနှင့် ဘောလ်တစ်ဒေသတွင် စစ်လက်နက်ကြီးများ ထားရှိရန် ပြင်ဆင်လျက်ရှိသည် ဟူသော သတင်းများ ထွက်ပေါ်ခဲ့သေးသည်။

ထိုသို့လုပ်ဆောင်ပါက လက်တုံ့ပြန်မှုများ လုပ်ဆောင်သွားမည်ဟုလည်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သတိပေး ပြောဆိုခဲ့သည်။

ပင်တဂွန်စစ်ဌာနချုပ် အနေနှင့် ဘောလ်တစ်နှင့် အရှေ့ဥရောပနိုင်ငံများတွင် တိုက်ခိုက်ရေး တင့်ကားများ၊ ခြေလျင်တပ်သုံး တိုက်ခိုက်ရေးယာဉ်များ အပါအဝင် တပ်ဖွဲ့ဝင် ၅၀၀၀ ခန့်အတွက် အကြီးစားစစ်လက်နက်များ ပြန်လည်ထားရှိရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
Credit to>>>The Voice Weekly


0 comments:

Post a Comment