4.6.15

ဇွန်လ ၄ ရက်နေ့ တတိယနေ့မြောက် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင် ညီလာခံ သဘာပတိ KNPP မှ အေဘယ်တွိ အဖွင့်မိန့်ခွန်း

 အားလုံး မင်္ဂလာပါလို့ ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းအသီးသီးမှ ကိုယ်စားလှယ် ခေါင်းဆောင်ကြီးများနှင့်တစ်ကွ ယနေ့တက်ရောက်လာကြ တဲ့ UN ရဲ့ ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ ကိုယ်စားလှယ် များနှင့်အတူ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး ခင်ဗျာ။


တစ်တိုင်းတပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်ရ ရှိရေးအတွက် ကျွန်တော်တို့ NCCT က အချိန်ယူပြီးတော့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ UPWC နဲ့ ဆွေးဆွေးပွဲ ၇ ကြိမ်၊ အလွတ်သဘောအားဖြင့် ၂၀ ကြိမ် တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး နောက်ဆုံး လွန်ခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးအတွက် NCA မူကြမ်း တစ်စောင်ကို အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့လည်း အများကြီး ဂုဏ်ယူမိပါတယ်။ အသိအမှတ်ပြုတယ်။ မှတ်တမ်းလည်းတင်ပါတယ်။

NCA မူကြမ်းကို ကျွန်တော်တို့ အဖွဲ့အစည်းအသီးသီးရဲ့ အမြင်သဘောထား၊ အကြံပြုချက်၊ ထိတွေ့ချက်များကို မနေ့က အကျယ်တ၀င့် ဆွေးနွေးပေမယ့်လို့ မပြီးပြတ်သေးတဲ့အတွက်ကြောင့် ယနေ့ဆက်ပြီးတော့ တိုင်းရင်းသာခေါင်းဆောင်များ အကောင်းဆုံးအကြံဥာဏ်ပြုချက်များကို ဆက်လက်ပြီးပြုလုပ်ကြပါလို့ မေတ္တာရပ်ခံပါတယ်။

ဆက်လက်ပြီးတော့ ရရှိလာမယ့် စာချုပ်မူကြမ်းကြီးကို ဘယ်လိုအကောင်အထည်ဖော်သွားမလဲ၊ ဆက်ပြီးတော့ UPWC နဲ့ ဘယ်ပုံ ဘယ်နည်းဆက်လက်ပြီးတော့ ဆောင်ရွက်သွားမလဲဆိုတာကို လိုအပ်ပါက ကျွန်တော်တို့ အားလုံးရဲ့ သဘောထားထုတ်ပြန်ချက်ကိုလည်း ချမှတ်သွားမှာဖြစ်ပါတယ်။

ကျွန်တော်တို့ ကြားသိခဲ့ရတာက သမ္မတသိန်းစိန်က NCA လက်မှတ်ထိုးဖို့ အဆင်သင့်ရှိနေပြီ။ ရှိတယ်။ ကျွန်တော်တို့ ကနေ့တိုင်းရင်းသား ထိပ်သီးအစည်းအဝေးပြီးလို့ရှိရင် လက်မှတ်ထိုးနိုင်ဖို့အတွက် သူတို့က မျှော်လင့်နေတယ်။ အလားတူပါပဲ ကုလသမဂ္ဂကလည်း လက်မှတ်ထိုးနိုင်ဖို့ ဆန္ဒရှိကြတယ်။ နောက်ပြီး အင်အားကြီးနိုင်ငံရဲ့ အာဆီယံခေါင်းဆောင်တွေကလည်း ဒီထိပ်သီးအစည်းအဝေးပွဲမှာ တစ်စုံတစ်ရာ သဘောထားတစ်ခု ချမှတ်နိုင်ရေးအတွက် NCA လက်မှတ် ထိုးနိုင်ရေး၊ မထိုးနိုင်ရေး ကိစ္စ၀ိစ္စတွေကို ပြင်ပဒေသနိုင်ငံတွေက စောင့်ကြည့်နေပါတယ်။

ဒီနေ့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသား ထိပ်သီးအစည်းအဝေးဟာ အင်မတန်အရေးကြီးပါတယ်။

ကျွန်တော်တို့အတွက် သေရေး၊ ရှင်ရေးတစ်မျှ အရေးကြီးတယ်။ ကျွန်တော်တို့ရဲ့ ကံကြမ္မာကတော့ ရှေ့ရေး နိုင်ငံရေး အခင်းအကျင်းဟာ ကျွန်တော်တို့ပဲ ဖန်တီးရမယ်။ ကျွန်တော်တို့ပဲ အဆုံးအဖြတ်ပေးရမယ်။

ကျွန်တော်တို့ နိုင်ငံရေးဟာ အရေးကြီးတဲ့ အချိန်အခါကာလမှာ ကျွန်တော်တို့က မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့ အင်မတန် အရေးကြီးပါတယ်။ စစ်ရေးတကွက်မှားရင် လူသေပြီးတော့ နိုင်ငံရေးတကွက်မှားရင် လူတစ်သက် ကျွန်ခံရတယ်လို့ ဆိုပါတယ်။

ယခင်အချိန်ကာလတုန်းက ကြည့်မယ်ဆိုလို့ရှိရင် နိုင်ငံရေးမှာသော်လည်းကောင်း၊ စစ်ရေးမှာ သော်လည်းကောင်း မရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့က ဗမာပြည်အစိုးရ အဆက်ဆက်ရဲ့အောက်မှာ အလူးအလဲခံရတယ်။ ဖိနှိပ်ချုပ်ချယ်မှုခံရတယ်။ ဒါက ကျွန်တော်တို့အတွက် သင်ခန်းစာ အကြီးမားဆုံး ရရှိပြီးဖြစ်တယ်။

ရှေ့ဆက် နိုင်ငံရေးဟာ ဘယ်လိုကိုင်တွယ် ဖြေရှင်းသွားမလဲဆိုတာ အထူးအလေးထားဖို့လိုတယ်။ ကျွန်တ်ာတို့ ဗမာပြည်တွင်း နိုင်ငံရေးပြဿနာဟာ ကျွန်တော်တို့ တိုင်းရင်းသား အားလုံးလိုလားတာက နိုင်ငံရေးဟာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ပါပဲ။

နိုင်ငံရေး ပြဿနာကို စားပွဲပေါ်မှာ ဖြေရှင်းဖို့ နိုင်ငံရေးပြဿနာတွေ ရှိနေချိန်မှာ မရှိဘူးဆိုတာ အားလုံးသဘောပေါက် လက်ခံစေချင်ပါတယ်။ ကျွန်တော်တို့ဟာ အကြိတ်အနယ် အပြေအလည် ဖြေရှင်းပေမယ့်လို့ မအောင်မြင်ဘူး။ နောက်ဆုံး ကနေ့အထိ နယ်စပ်မှာလည်း စစ်ရေးနည်းပဲ တိုက်ခိုက်နေတာ မပြီးဆုံးသေးဘူး ဖြစ်နေတယ်။ နိုင်ငံရေးကို နိုင်ငံရေးအရဖြေရှင်းဖို့ပဲဆိုတာ ကျွန်တော်တို့ အခိုင်အမာခံယူပါတယ်။

ဒါပေမယ့်လို့ နိုင်ငံရေး ဖြေရှင်းတဲ့အခါမှာ တရားမျှတဖို့၊ ကျွန်တော်တို့ရဲ့ လိုလားချက်နဲ့ပြည့်စုံဖို့ အင်မတန် အရေးကြီးတယ်။ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားအားလုံးဟာ ဗမာပြည်မှာ မှီတင်းနေထိုင်တဲ့ အထူးသဖြင့် ပြည်နယ် ၇ ပြည်နယ်ဟာဆိုလို့ရှိရင် တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် ပထ၀ီအနေအထားလည်း မတူပါဘူး။ လူမျိုးချင်းလည်း မတူဘူး။

ယဉ်ကျေးမှု ဘာသာစကားလည်း မတူဘူးဆိုတော့ အမျိုးမျိုးကွဲပြားခြားနားပေမယ့်လို့ ကျွန်တော်တို့ ကနေ့နိုင်ငံရေးခံယူချက်ကတော့ ဘုံကတစ်ခုပဲ အားလုံးသဘောတူ လက်ခံပါတယ်။

ကျွန်တော်တို့ တိုင်းရင်းသားအားလုံး လိုလားချက်ကတော့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုဟာ အဓိက လိုလားချက်ဖြစ်တယ်။ ဘာသာစကား၊ ယဉ်ကျေးမှု မတူသည့်တိုင်အောင် နိုင်ငံရေးခံယူချက်ဟာ အတူတူဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ နိုင်ငံရေးခံယူချက် ဖြစ်မြောက်အောင်မြင်နိုင်ရေးအတွက်ကတော့ အတူတကွ စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ဖို့ အင်မတန်လိုအပ်ပါတယ်။

ကျွန်တော်တို့ဟာ တစ်စုတစ်စည်းတည်း ငြိမ်းချမ်းရေး ရည်ရွယ်ချက်ပန်းတိုင် ရရှိနိုင်ရေးအတွက် တိုက်ပွဲဝင်တဲ့အခါမှာ တစ်စုတစ်စည်းထက် သူတစ်ဖက် ငါတစ်ဖက်၊ သူတစ်ကိုယ် ငါတစ်မင်း တိုက်ပွဲဝင်ခဲ့တဲ့အတွက် လေးဖက်ထောက်ရတဲ့အထိ ကျွန်တော်တို့က အောင်မြင်မှုမရခဲ့ပါဘူး။

ဒီသင်ခန်းစာကိုယူပြီးတော့ ယခင်အချိန်ကာလတုန်းက ပုံစံမျိုး တကွဲတပြားမနေဘဲနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်၊ ဦးတည်ချက် အမြန်ဆုံး ရရှိနိုင်ရေးအတွက်ကတော့ တစ်စုတစ်စည်းတည်း စည်းစည်းလုံးလုံး တိုက်ပွဲဝင်ဖို့ပဲ လိုတယ်။

ယခင်အချိန်ကာလကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြိုင်အဆိုင်သဘောမျိုးတွေ ရှိတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပညာပြတဲ့ပုံစံမျိုးရှိကြတော့ ကျွန်တော်တို့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့က အင်မတန် ခဲယဉ်းပါတယ်။

ဒီသင်ခန်းစာလည်း ရရှိပြီးတဲ့အတွက်ကြောင့် ကနေ့ဟာ ကျွန်တော်တို့ဟာ စုစည်းဖို့အင်မတန်အရေးကြီးတယ်။ အထူးသဖြင့် ဒီကနေ့ တိုင်းရင်းသားထိပ်သီးအစည်းအဝေးမှာကတော့ ကျွန်တော်တို့အတွက် သေရေး၊ ရှင်ရေးဖြစ်တဲ့အတွက်ကြောင့် အနာဂတ်နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုဟာ ကျွန်တော်တို့ပဲ ဖန်တီးရမယ်၊ ကျွန်တော်တို့ပဲ အဆုံးအဖြတ်ပေးရမယ့်အတွက်ကြောင့် ယနေ့တက်ရောက်လာကြတဲ့ ခေါင်းဆောင် ကိုယ်စားလှယ်အားလုံး စည်းလုံးညီညွတ်ရေးကို အလေးထားကြပြီး ပူးပေါင်းဆောင်ရွက်ဖို့ အင်မတန်အရေးကြီးတဲ့ အချိန်ကာလဖြစ်ပါတယ်။

အထူးသဖြင့် ဒီကနေ့ အချိန်အခါဟာ တစ်တိုင်းတစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးကိစ္စ၀ိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ လက်မှတ်ထိုးရေး၊ မထိုးရေးဆိုတာလည်း ဒီကနေ့အစည်းအဝေးထဲမှာ သဘောထားပေးရမှာဖြစ်တယ်။

အထူးသဖြင့် ကနေ့ နိုင်ငံရေးပြဿနာဟာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့လိုမယ်။ နိုင်ငံရေးပြဿနာကို စားပွဲပေါ်မှာ အတတ်နိုင်ဆုံး၊ အမြန်ဆုံး ရအောင် ဆေးနွေးဖြေရှင်းကြဖို့ အချိန်ကာလဖြစ်တဲ့အတွက်ကြောင့် ကနေ့ အစည်းအဝေးမှာ တက်ရောက်လာတဲ့ တိုင်းရင်းသားခေါင်းဆောင်အားလုံးဟာ အလေးအနက် စဉ်းစားပြီးတော့ ထိပ်သီးအစည်းအဝေးမှာ ရလာဒ်အကောင်းဆုံး ထွက်လာနိုင်အောင် ၀ိုင်းဝန်းပြီး ကြိုးစားအကြံပေးကြပါလို့ပြောရင်း နိဂုံးချုပ်ပါတယ်။

Credit to>>> mizzima

0 comments:

Post a Comment