15.7.15

အီရန် နျူကလီးယားအရေး ဆွေးနွေးမှု သဘောတူညီချက် ရရှိ

 
အီရန်၏ နျူကလီးယား နည်းပညာ ဖော်ဆောင်မှုများကို အတိုင်းအတာတစ်ခု ကန့်သတ်ရန် ဆွေးနွေးမှုများသည် ယခုအခါ သမိုင်းဝင် သဘောတူညီမှုတစ်ရပ် ရရှိသွားပြီဟု သိရှိရသည်။



အီရန် အစိုးရနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများမှ ကိုယ်စားလှယ်များ အကြိတ်အနယ် ဆွေးနွေးမှုသည် ယခုအခါ အပြီးသတ် အောင်မြင်မှု ရရှိခဲ့ပြီး ဥရောပ သမဂ္ဂ ကိုယ်စားပြု ညှိနှိုင်းရေးမှူးများက မျှော်လင့်ချက် သင်္ကေတ တစ်ရပ်အဖြစ် ချီးကျူး ပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆိုပါ သဘောတူညီမှုကို သမိုင်းဝင် မှတ်တိုင်တစ်ခုဟု ကြေညာခဲ့သည်။ ယခု သဘောတူညီမှုအရ ကုလသမဂ္ဂ၏ နျူကလီးယား စောင့်ကြည့်ပညာရှင်များသည် အီရန်တွင် စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ခွင့် ဆက်လက် ရရှိသော်လည်း အီရန်ပိုင်နက်ရှိ နျူကလီးယား ဓာတ်ပေါင်းဖို တည်နေရာများသို့ ခွင့်ပြုချက် မပါဘဲ သွားလာနိုင်ခွင့် ရမည်မဟုတ်ချေ။

၂၀၀၆ ခုနှစ် ကတည်းက အီရန်သည် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ တရုတ်၊ ရုရှား၊ ဂျာမနီတို့နှင့် နျူကလီးယား နည်းပညာ ကန့်သတ်ရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယခုအခါတွင်မှ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။ အီရန် သမ္မတ ဟာဆန် ရိုဟာနီက “ပြဿနာ တစ်ရပ်ကို အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ခဲ့ပါပြီ။ စိန်ခေါ်မှုတွေကို အတူမျှဝေ အာရုံစိုက်ရင်း မိုးကုတ်စက်ဝိုင်း အသစ်တစ်ခုကို မြင်တွေ့ခွင့် ရလာပါပြီ”ဟု Twitterတွင် ရေးသားခဲ့သည်။

ယခု သဘောတူညီမှုအတွက် အီရန်အနေဖြင့် နိုင်ငံတကာ ပိတ်ဆို့သတ်မှတ်မှုများ ချမှတ်ခံရခြင်းမှ ဖြေလျှော့ခွင့် ရလာမည် ဖြစ်သော်လည်း သဘောတူညီမှု တစ်ရပ်ရပ်ကို ချိုးဖောက်သည်နှင့် ၆၅ ရက်အတွင်း ပိတ်ဆို့မှု အသစ်များ ပြဋ္ဌာန်းခံရမည့် အချက်ကို အီရန်က သဘောတူခဲ့သည်။ သို့သော်လည်း အီရန်အပေါ် လက်နက်ကုန်သွယ်ခွင့်နှင့် ဒုံးကျည် ဝယ်ယူခွင့် ပိတ်ပင်မှု သတ်မှတ်ချက်များမှာမူ ၅ နှစ်နှင့် ၈ နှစ်စီ ဆက်လက် အသက်ဝင်နေဦးမည် ဖြစ်သည်။

အီရန်၏ ရန်သူတော် အစ္စရေး နိုင်ငံ၏ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကမူ ယခုသဘောတူညီမှုသည် သမိုင်းဝင် အမှားတစ်ရပ်ဟု ဝေဖန်ခဲ့ပြီး ယခုအခါ ပိတ်ဆို့မှုများမှ ကင်းလွတ်သွားသည့် အီရန် အနေဖြင့် ၎င်းတို့၏ အကြမ်းဖက် ယန္တရားကို အထောက်အပံ့ပေးရန် ဒေါ်လာ ဘီလီယံ ရာပေါင်းများစွာ အသုံးပြုခွင့် ရရှိသွားပြီး အရှေ့အလယ်ပိုင်းရော၊ ကမ္ဘာ့ငြိမ်းချမ်းရေးကိုပါ ခြိမ်းခြောက်လာလိမ့်မည်ဟု ပြစ်တင် ပြောဆိုသွားသည်။
Credit tO>>> 7 Day Daily

0 comments:

Post a Comment