23.7.15

သစ်ခိုးထုတ် တရုတ်နိုင်ငံသား ၁၅၅ ဦးအနက် ၁၅၃ ဦးအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်



တရားမ၀င် သစ်ခိုးထုတ်မှုဖြင့် မြစ်ကြီးနား အကျဉ်းထောင်တွင် ထိန်းသိမ်းထားသော သစ်ခိုးထုတ် တရုတ်နိုင်ငံသား ၁၅၅ ဦးအနက် ၁၅၃ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ ၁၅၅ ဦးအနက် အသက်မပြည့်သေးသည့် ကလေးနှစ်ဦးအား ထောင်ဒဏ် ၁၀ နှစ်စီ အပြစ်ပေးခဲ့ပြီး အမျိုးသမီး တစ်ဦးကိုလည်း တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ထောင်ဒဏ် ၁၅ နှစ်ကို မြစ်ကြီးနားခရိုင် တရားရုံးမှ ခရိုင်တရားသူကြီး ဦးစိုးစိုးနှင့် ဒုခရိုင်တရားသူကြီး ဦးမြင့်ရွှေတို့က နှစ်ဖွဲ့ခွဲ့ကာ အသီးသီး ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။ 


ယင်းအမှုကို မူလက ဇူလိုင် ၁၇ ရက်တွင် စီရင်ချက်ချရန် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ၁၅၅ ဦး၏ စီရင်ချက်များ ရေးသားပြီးစီးသေးခြင်း မရှိသောကြောင့် ရုံးချိန်းပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော အပက-၃ ဖြင့် ဧပြီ ၂၂ ရက် နောက်ပိုင်းမှ စတင်ကာရက်ခြား ပုံမှတ်ခရိုင် တရားရုံးတွင် နှစ်ဖွဲ့ခွဲကာ စစ်ဆေးနေခြင်းဖြစ်ပြီး သုံးလအကြာတွင် ခရိုင်တရားရုံးမှ အမိန့်ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသားများဘက်မှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခဲ့သူ ရှေ့နေကြီး ဦးခင်မောင်က “၁၅၅ ဦးမှာ ၁၅၃ ဦးကို အပက-၃ နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချလိုက်တယ်။ အားလုံးကတော့ ထိတ်လန့်မှုတော့ ဖြစ်တာပေါ့။ နှစ်ယောက်ကတော့ ကလေးသူငယ်ဖြစ်လို့ ထောင်ဆယ်နှစ်ချတယ်။ အဲဒါက တစ်မှုပါ။ မူးယစ်နဲ့ ပတ်သက်ပြီး တစ်ယောက်တည်း စွဲတင်ထားတော့ သူကိုလည်း ၁၅ နှစ် ချလိုက်တယ်။ ဒီနေ့တစ်နေ့တည်း ချလိုက်တာပါ။ အယူခံဖိုတော့ ဘာမှ မပြောသေးဘူး။ မကျေနပ်ရင် ပြည်နယ်တရားလွတ်တော် တက်ရမှာပေါ့။ ရက် ၆၀ ရက်အတွင်း ကြိုက်တဲ့အချိန် အယူခံဝင်နိုင်တယ်။ အခုအထိတော့ ဘာမှ မကြားသေးဘူး။ ဆွေမျိုးတွေလည်း ၀င်ခွင့်မပေးလို့ မလာကြဘူး။ ဆူဆူပူပူလည်း မဖြစ်ကြပါဘူး” ဟု ပြောကြားသည်။

နိုင်ငံဖြတ်ကျော် မှုခင်းဌာနတွင် အတွေ့အကြုံရှိသည့် ကချင်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့မှ ဦးစီးပထမတန်း ရဲမှူးကြီးမြင့်ထူးက “ကျွန်တော်တို့ နိုင်ငံမှာတော့ အကျဉ်းသားတွေ တစ်နိုင်ငံနှင့် တစ်နိုင်ငံ လွှဲပြောင်းတာကတော့ နိုင်ငံခြားရေး သံရုံးကနေပဲ အဆင့်ဆင့် လုပ်ကြရတာပါ။ အမှုတစ်ခုချင်းပေါ် မူတည်ပြီး လွဲပြောင်းကြရတာပါ။ ကျွန်တော်တို့က အကျဉ်းသားလွဲပြောင်းရေး ဥပဒေဆိုတာ မရှိတော့ MoU ထိုးထားတာ မရှိဘူး။ ဥပမာ- လ၀က-အက်နဲ့ ဖြစ်ရင် ပြည်နှင်ဒဏ် ပေးလိုက်တာပေါ့။ မြစ်ကြီးနားမှာ တရားရင်ဆိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို သစ်ခိုးထုတ်မှုနှင့် ပတ်သက်ပြီး တရားရုံးက ဆုံးဖြတ်ပြီးမှပဲ ဘယ်လိုဆက်သွားကြမယ်ဆိုတာ သိရမှာ” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယင်းသစ်ခိုးမှုဖြင့် ဖမ်းဆီးထားသူများကို တရုတ်ကောင်စစ်ဝန် ဒုတိယအတွင်းရေးမှူး Mr. Baim Zxon က မြစ်ကြီးနား အကျဉ်းထောင်တွင် ဇန်န၀ါရီ ၂၀ ရက်က တွေ့ဆုံခဲ့ပြီး ယင်းတွေ့ဆုံစဉ်တွင် ဒေသအလိုက် အကျဉ်းကျနေသူများ၏ နေရပ်များ၊ အလုပ်အကိုင်များ၊ အသက်အမျိုးအနွယ် စသည်တို့ကို စာရင်းကောက်ယူပြီး အ၀တ်အစား၊ လူသုံးပစ္စည်းများနှင့် စားသောက်ပန်းကန်များကို ထောက်ပံပေးခဲ့ကြောင်း သိရသည်။


သစ်ခိုးထုတ် တရုတ်နိုင်ငံသားများအား ပြစ်ဒဏ်ချမှတ်ပြီးနောက် မြစ်ကြီးနားခရိုင် တရားရုံးမှ ထွက်ခွာလာသည်ကို ဇူလိုင် ၂၂ ရက်က တွေ့ရစဉ်

မြစ်ကြီးနား အကျဉ်းထောင်တွင် သစ်ခိုးမှုဖြင့် ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသားများ ပြန်လွတ်ရေး ယင်းတို့၏ ရွှေမျိုးများက ကူရုံးမြို့ အကောက်ခွန်ရုံးရှေ့တွင် မတ် ၂၃ ရက် ဆန္ဒဖော်ထုတ်မှု ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၅ ခုနှစ် မေ ၆ ရက် နံနက်ပိုင်းက တရုတ်နိုင်ငံသား အကျဉ်းသားများနှင့် မြန်မာနိုင်ငံသား အကျဉ်းသားအချို့ ခိုက်ရန်ဖြစ်ပွားရာ ထောင်လုံခြုံရေးများ ၀င်ရောက်ထိန်းသိမ်းပြီးနောက် အကျဉ်းသား ၁၀ ဦး ဒဏ်ရာရရှိခဲ့ကာ မေ ၈ ရက်ရုံးချိန်းတွင် ခြေချင်းခတ်ရန် ငြင်းဆန်မှု၊ လွန်ခဲ့သော နှစ်ရက်က ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ရဲလုံခြုံရေးအင်အား အများအပြားဖြင့် ရုံးထုတ်ခဲ့ရသည်။

၂၀၁၅ နှစ်ဆန်းပိုင်းတွင် ကချင်ပြည်နယ်အတွင်း ဖမ်းမိသော သစ်ခိုးထုတ် တရုတ်နိုင်ငံသား အားလုံးကို လ၀က အက်ဥပဒေ ၁၃/၁ အရ သစ်ခိုးထုတ်သူ အားလုံး ၁၅၅ ဦးကို ထောင်ဒဏ် ၆ လစီဖြင့် ဧပြီ ၂၂ ရက်က ၀ိုင်းမော်မြို့နယ် တရားရုံးက ချမှတ်လိုက်ပြီး မူလစွဲဆိုထားသော ပြည်သူပိုင် ၆(၁)မှ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော အပက-၃ ဖြင့် ဧပြီ ၂၂ ရက်နောက်ပိုင်းမှ စတင်ကာ နေ့စဉ် ခရိုင်တရားရုံးတွင် နှစ်ဖွဲ့ခွဲ့ကာ စစ်ဆေးနေခြင်းဖြစ်သည်။ ပြည်သူပိုင် ၆ (၁)မှ အပက-၃ သို့ ပြောင်းလဲစစ်ဆေးနိုင်သည့် အခြေအနေများမှာ တန်ဖိုးငွေ- ၅၀၀၀ (ငါးထောင်ကျပ်) ထက်ပိုမိုခြင်း၊ အများပြည်သူ စိတ်ဝင်စားသော အမှုဖြစ်ခြင်း၊ ပြည်သူတို့၏ အသက်နှင့် လုံခြုံရေးကို ထိခိုက်စေသော ပြစ်မှုဖြစ်ခြင်း၊ ငွေအလွဲသုံးစားမှုများ ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် တရုတ်နိုင်ငံသား သစ်ခိုးထုတ် မှောင်ခိုဂိုဏ်းတစ်ခုကို ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်၊ ကန်ပိုင်တည်မြို့နယ်၊ ဆဒုံးမြို့နယ်များတွင် လူ ၁၄၉ ဦး၊ ကားအစီးရေ လေးရာကျော်နှင့် တခြားယာဉ်ကြီးများကို ဖမ်းမိခဲ့သော်လည်း သစ်ခိုးဂိုဏ်းသူဌေးများကိုမူ ဖမ်းမိခဲ့ခြင်း မရှိပေ။ ယင်းအမှုတွင် ဒေသတွင်းပြည်သူ အချို့နှင့် ဒေသတွင်း လက်နက်ကိုင်အချို့လည်း ပါဝင်ပတ်သက်ခဲ့ကြောင်း သိရပြီး အရေးယူခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

ယင်းဖမ်းမိသူများကို နှစ်ဖွဲ့ခွဲကာ ဆဒုံးမြို့နယ် ရဲစခန်းတွင် ပ/၃။ ၂၀၁၅ ဖြင့် လီဖယ်ကျိန်း အပါအ၀င် တရုတ်နိုင်ငံသား ၈၅ ဦးကို မြစ်ကြီးနားခရိုင် တရားသူကြီး ဦးစိုးစိုးက စစ်ဆေးခဲ့ပြီး ဆဒုံးမြို့နယ် ရဲစခန်းက ပ/၄။ ၂၀၁၅ ဖြင့် ကျန်တရုတ်နိုင်ငံသား ၇၀ ဦးကို ခရိုင်ဒုတိယတရားသူကြီး ဦးမြင့်ဆွေက စစ်ဆေးခဲ့ခြင်းဖြစ်သည်။

Credit to>>>Eleven Media

0 comments:

Post a Comment