23.7.15

ယခင် တပ်မတော်အစိုးရ လက်ထက်က ကျပ် ၂၉ ဘီလျံကျော် ကြွေးကျန်ရှိခဲ့သည့် လုပ်ငန်းရှင်များကို မွေး/ရေ/ကျေးလက် ၀န်ကြီးဌာနက တရားစွဲဆို

ယခင်အစိုးရ (တပ်မတော်အစိုးရ) လက်ထက်က ကျပ် ၂၉ ဘီလျံကျော် ကြွေးကျန်ရှိခဲ့သည့် လုပ်ငန်းရှင်များကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနက တရားစွဲဆိုထားကြောင်း သိရသည်။
နေပြည်တော်၌ ဇူလိုင် ၁၆ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ် စာရင်းများနှင့် စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးရာတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိနေသည့် ငွေမှာ ယခုအစီရင်ခံ တင်ပြသည့် ကာလအထိ ကျပ်သန်းပေါင်း ၃၁၇၉၃ ဖြစ်၍ အများဆုံး ပေးသွင်းရန် ကျန်ရှိသော ၀န်ကြီးဌာနတစ်ခု ဖြစ်သည်ဟု ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကြွေးကျန်ဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်ပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနထံမှ ရရှိသည့် သတင်းအချက်အလက်များအရ မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနရှိ မွေးမြူရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်း လုပ်ငန်း၏ ကြွေးကျန်ငွေများသည် ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်တွင် ငါးစာတောင့်များကို လုပ်ငန်းရှင်များထံ စာရင်းမှတ်စနစ်ဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်းအပေါ် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ် စာရင်းများအား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ စစ်ဆေးစဉ် ကြွေးကျန် ၄၂ ဒသမ ၃၅၆ ဘီလျံ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းကြွေးကျန်ငွေများအနက် ဌာနတွင်း အချင်းချင်း ရရန်၊ ပေးရန် ကြွေးကျန်ငွေ ကျပ် ၁၀ ဒသမ ၇၁၆ ဘီလျံကို ၂၀၁၃ ခုနှစ် မတ် ၃၁ ရက်တွင် စာရင်းရှင်းလင်းခဲ့ပြီးဖြစ်၍ ငွေကျပ် ၃၁ ဒသမ ၆၄ ဘီလျံ ကြွေးကျန်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

၎င်းကြွေးကျန်ငွေများမှာ ဌာနမှ အလွဲသုံးစား ပြုလုပ်ထားခြင်း မဟုတ်ဘဲ လုပ်ငန်းရှင်များမှ ဌာနသို့ ပေးဆပ်ရန် ကျန်ရှိသော ကြွေးမြီများဖြစ်ကြောင်း၊ ယခုအစိုးရလက်ထက်တွင် ဖြစ်ပေါ်ခဲ့သော ကြွေးကျန်များ မဟုတ်ဘဲ တပ်မတော်အစိုးရလက်ထက် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဦးမောင်မောင်သိမ်း တာဝန်ယူစဉ် ကာလက ဖြစ်ကြောင်း  ဇူလိုင် ၂၂ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန အနေဖြင့် မွေးမြူ ရေး၊ အစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းသို့ အကြွေးဆပ်ရန် ပျက်ကွက်သည့် လုပ်ငန်းရှင်များအား တရားစွဲဆိုနိုင်ရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးထံမှ ဥပဒေအကြံပြုချက် တောင်းခံပြီး ၂၀၁၃ ခုနှစ် ဧပြီ ၆ ရက်တွင် တရားမမှုဖြင့် တရားစွဲဆို ဆောင်ရွက်ခဲ့ရာ လုပ်ငန်းရှင်များက ကြွေးကျန်ငွေ၏ ၀ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သော ငွေကျပ် ၁၇၁ ဒသမ ၅၆၈ သန်းသာ ပေးဆပ်ခဲ့ကြသဖြင့် ၀န်ကြီးဌာနသည် ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးမှု မရှိစေရန်အတွက် ကြွေးကျန်လုပ်ငန်းရှင်များအား ပြစ်မှုကြောင်းအရ တရားစွဲဆို အရေးယူရန် ဆုံးဖြတ်ခဲ့ပြီး အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ (၃)(အပက-၃)ဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ကြော်ငြာထည့်သွင်းပြီး အကြောင်းကြားခဲ့ကြောင်း သိရသည်။

ထိုသို့ အပက(၃)ဖြင့် တရားစွဲဆိုခြင်းမပြုမီ ကြွေးကျန်မှာ ငွေကျပ် ၃၂ ဒသမ ၅၈၄ ဘီလျံ ဖြစ်သော်လည်း တရားစွဲဆိုပြီးနောက်ပိုင်းတွင် ကြွေးကျန်လုပ်ငန်းရှင် ၁၀ ဦး၏ ကြွေးမြီ အပြေအကျေ ပေးဆပ်မှု အပါအ၀င် ကြွေးကျန်လုပ်ငန်းရှင်များ၏ ကြွေးကျန်ပေးဆပ်မှုမှာ ယခင် ၀ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ကိုးရာခိုင်နှုန်းကျော်အထိ ရှိလာသဖြင့် ယခုအခါ ကြွေးကျန်ငွေကျပ် ၂၉ ဒသမ ၄၂၂ ဘီလျံ ကျန်ရှိနေကြောင်း၊ ကြွေးမြီအပြေအကျေ ပေးဆပ်သူ ၁၀ ဦးအနက် အမှုနှစ်မှုမှာ ရုပ်သိမ်းခဲ့ပြီး ကျန်ရှစ်မှုမှာ ရုပ်သိမ်းရန် ဆောင်ရွက်ဆဲဖြစ်ကြောင်၊ ကြွေးကျန်သူများနှင့် ပတ်သက်၍ တရားရုံးတင်ပြီး နှစ်မှုနှင့် တရားရုံးတင်ရန် ဆောင်ရွက်ဆဲအမှု ၅၁ မှုဖြစ်ကြောင်း သိရသည်။

အဆိုပါ အပက(၃)ဖြင့် တရားစွဲဆိုထားသော လုပ်ငန်းရှင်များအနက် ကြွေးကျန်အများဆုံးဖြစ်သော လုပ်ငန်းရှင် ၁၀ ဦးထံမှ ရရန်ငွေမှာ ကျပ် ၂၅ ဒသမ ၅၉၂ ဘီလျံကျော်ရှိကြောင်း၊ မွေး/ရေ/ကျေးလက် ၀န်ကြီးဌာနသည် ပြဋ္ဌာန်းထားသော ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် တရားရုံးများ၏ ဆုံးဖြတ်ချက်အတိုင်း နိုင်ငံတော်ဘဏ္ဍာငွေများ မဆုံးရှုံးစေရေး  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇူလိုင် ၂၂ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာနသို့ အကြွေးပေးဆပ်ရန် ပျက်ကွက်သည့် လုပ်ငန်းရှင်များအား အပက (၃)ဖြင့် တရားစွဲဆို ဆောင်ရွက်လျက်ရှိရာတွင် လုပ်ငန်းရှင်များအနက် ကြွေးကျန်အများဆုံးဖြစ်သော လုပ်ငန်းရှင်များမှာ ဦးမင်းသိမ်း (သုံးပွင့်ဆိုင်)(ကြွေးကျန်ငွေကျပ် သန်း ၁၁၅၈၀ ဒသမ ၅၇၂)၊ ဦးသုတရွှေနှင့် ဦးလှမြင့်အောင် (ဖြိုးဧရာကုမ္ပဏီ) ကြွေးကျန်ငွေကျပ် သန်း ၆၀၂၆ ဒသမ ၆၇၇ (ဦးမင်းသိမ်းမှ ပေးဆပ်မည်ဟု ၀န်ခံကတိပြုထားသည်)၊ ဦးဇော်ဇော်တိုး (ကြွေးကျန်ငွေကျပ် သန်း ၂၀၅၇ ဒသမ ၅၆၆)၊ ဦးကြည်ဝင်း (ကြွေးကျန်ငွေကျပ် သန်း ၁၄၆၉ ဒသမ ၃၂၉)၊ ဦးဟိန်းဇော်စစ် (ကြွေးကျန်ငွေကျပ် သန်း ၁၄၁၀ ဒသမ ၇၄၅)၊ ဦးမျိုးအောင် (ကြွေးကျန်ငွေကျပ် သန်း ၁၂၇၉ ဒသမ ၇၁၉)၊ ဦးမိုး (ကြွေးကျန်ငွေကျပ် သန်း ၇၇၆ ဒသမ ၂၄၆)၊ ဦးခင်စိုး (ကြွေးကျန်ငွေကျပ် သန်း ၅၀၆ ဒသမ ၅၆၁)၊ ဦးမျိုးမင်းသိမ်း (မြတ်ပန်းခတ်) (ကြွေးကျန်ငွေကျပ် သန်း ၄၈၄ ဒသမ ၈၄၄) တို့ဖြစ်ပြီး စုစုပေါင်း ကြွေးကျန်ငွေကျပ် သန်း ၂၅၅၉၂ ဒသမ ၂၅၉ ဖြစ်ကြောင်း  သိရသည်။ အဆိုပါ လုပ်ငန်းရှင်များ၏ အချက်အလက်များကို ဇူလိုင် ၂၂ ရက်ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားရာ ဦးမင်းသိမ်းနှင့် လုပ်ငန်းရှင်ရှစ်ဦး၏ ဖခင်အမည်များကိုပါ ဖော်ပြခဲ့သော်လည်း ဦးဟိန်းဇော်စစ်၏ ဖခင်အမည်ကိုမူ ဖော်ပြခဲ့ခြင်း မရှိကြောင်း သိရသည်။ သို့သော် ပြန်ကြားရေးဝန်ကြီးဌာန၏ MOI Webportal Myanmar တွင်မူ ဦးဟိန်းဇော်စစ်၏ ဖခင်အမည်ကို ဖော်ပြထားကြောင်း သိရသည်။

ယခုကဲ့သို့ လုပ်ငန်းရှင်များက ၀န်ကြီးဌာနသို့ ပေးသွင်းရန် ကြွေးကျန်များ ရှိနေမှုအပေါ် ၀န်ကြီးဌာနက တရားမကြောင်း၊ ပြစ်မှုကြောင်းများအရ တရားစွဲဆို အရေးယူမှုများ ရှိနေသော်လည်း ၀န်ကြီးဌာနအချို့၊ ၀န်ကြီးအချို့၏ စီမံခန့်ခွဲမှု ချွတ်ချော်မှားယွင်း၍ ပြည်သူ့ဘဏ္ဍာ နစ်နာခဲ့ရမှုများ အပေါ်တွင် စိစစ်ဖော်ထုတ် စစ်ဆေးအရေးယူမှုမျိုးကို မကြားသိရပေ။

Credit to >>> Eleven Media Group

0 comments:

Post a Comment