23.7.15

ဧရာဝတီမြစ်တွင် မြစ်ကမ်းပါးပြိုကျမှုများ၊ ပြိုကျလုဆဲဆဲ အခြေအနေများကြောင့် အင်းဝမြို့ဟောင်း လာမည့်နှစ်အတွင်း ပျောက်ကွယ်သွားနိုင်ကြောင်း ပညာရှင်များ သတိပေး


ဧရာဝတီမြစ်တွင် မြစ်ကမ်းပါးပြိုကျမှုများ၊ ပြိုကျလုဆဲဆဲ အခြေအနေများကြောင့် လာမည့်နှစ်အတွင်း တံတားဦးမြို့နယ်ရှိ အင်းဝမြို့ဟောင်းမှာ ပျောက်ကွယ်သွားနိုင်ကြောင်း ဘူမိရုပ်သွင် ပညာရှင်ဖြစ်သူ ပါမောက္ခ ဦးမောင်မောင်အေးက ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်မြို့ရှိ IBC ၌ ကျင်းပသည့် တတိယအကြိမ်မြောက် လူထုအခြေပြု ဧရာဝတီကွန်ဖရင့်တွင် ပြောကြားခဲ့သည်။


“ဧရာဝတီမြစ်မှာ မြစ်ကမ်းပါးပြိုကျမှုတွေ ဖြစ်ပွားနေပါတယ်။ ၂၀၁၄ နှစ်ဦးပိုင်း ဖေဖော်ဝါရီလလောက်မှာ တွေ့ရှိရတဲ့ တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းမြို့ရိုးနဲ့ သိပ်မကွာတော့တဲ့နေရာက ဧရာဝတီမြစ်ရဲ့ မြစ်ကမ်းပါးမှာဆိုရင် ပြိုကျဆဲ ပြိုကျလုဆဲဆဲ အခြေအနေတွေ ဖြစ်နေတယ်။ ဒီလို ကမ်းပါးပြိုကျမှုတွေက ၀ါးသုံးလေးပြန်တက်လာရင် နောက်နှစ်ဆိုရင် ကျွန်တော်တို့ရဲ့ တန်ဖိုးထားရတဲ့ မြန်မာတို့ရဲ့ ရှေးဟောင်းမြို့တော် အင်းဝမြို့ရိုးဟာ ဧရာဝတီမြစ်ထဲကို သက်ဆင်းကျသွားမှာ ဖြစ်ပါတယ်” ဟု ပါမောက္ခ ဦးမောင်မောင်အေးက သတိပေးပြောကြားသည်။

မြစ်ရေဘေးတိုက်စားမှု (lateralerosion) ကြောင့် မြစ်ကမ်းပါးပြိုကျ ပျက်စီးခြင်းနှင့် မြစ်ကြောင်းပြောင်းလဲမှုများ၊ ထို့ပြင် မြစ်ကမ်းပါးပြိုကျ ပျက်စီးခြင်းကြောင့် ရွာမြေ၊ စိုက်ပျိုးမြေနှင့် အခြားမြေအသုံးချမှု အမျိုးအစား ဆုံးရှုံးခြင်း၊ ဧရာဝတီ မြစ်မကြီးနှင့် မြစ်လက်တက်များအတွင်းသို့ အမှိုက်သရိုက်နှင့် ရေဆိုးရေပုပ်များ စွန့်ပစ်နေမှုများကြောင့် မြစ်ရေညစ်ညမ်းလာမှုမှာလည်း ဧရာဝတီမြစ် ရေရှည်တည်တံ့ရေးအတွက် ခြိမ်းခြောက်လာနေသည့် ပြဿနာဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။

အလားတူ အဆိပ်သင့် ဓာတုပစ္စည်းများ စွန့်ပစ်ခြင်းနှင့် တရားမ၀င် ရွှေတူးဖော်ခြင်း လုပ်ငန်းများကြောင့် မြစ်ရေညစ်ညမ်းလာမှုများ၊ သစ်တောများကို အပြောင်ခုတ်ထွင် ရှင်းလင်းခြင်း (တောပြောင်ရှင်းခြင်း) များကြောင့် ရာသီဥတု အခြေအနေပြောင်းလဲလာခြင်း၊ အပေါ်ယံမြေဆီလွှာ တိုက်စားပြုန်းတီးမှု များပြားလာခြင်းနှင့် မြစ်ကြောင်းပြောင်းလဲလာခြင်း၊ မြစ်ချောင်းများအတွင်း အနည်ပို့ချမှု ပိုမိုများပြားလာပြီး မြစ်ချောင်းများ တဖြည်းဖြည်း တိမ်ကောလာကာ ရေကြီးရေလျှံမှု အန္တရာယ်မှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုကြီးမားလာကြောင်း၊ အချို့သော မြစ်ချောင်းများမှာ အလွန်အမင်း တိမ်ကောသွားခြင်းနှင့် ရေကြောင်းကျပ်လာခြင်းတို့ ကြုံတွေ့နေရကြောင်း သိရသည်။

ဧရာဝတီမြစ်တွင် မြစ်ကမ်းပါးပြိုကျမှု ဖြစ်စဉ်များမှာ မြစ်ကြောင်းတစ်လျှောက်လုံးတွင် ဖြစ်ပေါ်နေကြောင်း၊ မိုးအခါ မြစ်ရေတက်ချိန်၊ မြစ်ရေကျချိန်များတွင် ကမ်းပါးပြိုလေ့ရှိကြောင်း ဧရာဝတီမြစ်ဝှမ်း လူထုအခြေပြု ဗျူဟာမြောက် သဘာဝပတ်ဝန်းကျင် လေ့လာဆန်းစစ်မှု အစီရင်ခံစာ အနှစ်ချုပ်တွင် ဖော်ပြထားသည်။
Credit to>>>Eleven Media

0 comments:

Post a Comment