29.7.15

အီဂျစ်နိုင်ငံ၊ ကိုင်ရိုတွင် စက်ရုံတစ်လုံး မီးလောင်ပြီး လူ ၂၅ ဦးထက်မနည်း သေဆုံး

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်အနီး စက်ရုံတစ်လုံးတွင် ဇူလိုင် ၂၈ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။


ကိုင်ရိုမြို့ မြောက်ပိုင်းရှိ အယ်လ်အူဘာမြို့တွင် စက်ရုံတစ်ခုရှိ ဓာတ်ငွေ့ဆလင်ဒါများ ပေါက်ကွဲရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးကူးစက်မှု ပြင်းထန် ဆိုးရွားခဲ့ကြောင်း အာဏာပိုင်များက ဆိုသည်။ မီးလောင်မှုအတွင်း လူ ၂၅ ဦး သေဆုံးပြီး နောက်ထပ် အနည်းဆုံး ၂၄ ဦးမျှ မီးလောင်ကျွမ်းသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။
သေဆုံးသူများတွင် မီးဘေးလွတ်ရာ စုပြုံပြေးလွှားရာမှ လူနင်းခံရပြီး သေဆုံးသည့် စက်ရုံ အလုပ်သမားများလည်း ပါဝင်ကြောင်း သိရသည်။ ပရိဘောဂ ပစ္စည်းများ ထုတ်လုပ်ရာ စက်ရုံအဖြစ် တည်ဆောက်ထားသည့် လေးထပ် အဆောက်အအုံသည် မီးလောင်မှု ဖြစ်ပွားပြီးချိန်တွင် ပြိုကျသွားခဲ့သည်။
မီးသတ်ဝန်ထမ်းများသည် လေးနာရီကြာ အချိန်ယူ ငြှိမ်းသတ်ပြီးမှ စက်ရုံမီးကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ကနဦးအဆင့် စုံစမ်းမှုများတွင် စက်ရုံ၏ အနေအထားသည် လုံခြုံရေး စံနှုန်းများနှင့် ကိုက်ညီမှု မရှိကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
မီးလောင်မှု ဖြစ်ပွားပြီးနောက် စက်ရုံကို အဓိက ပိုင်ဆိုင်သူ နှစ်ဦးအား ရဲများက ဖမ်းဆီးလိုက်သည်။ အီဂျစ်နိုင်ငံတွင် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း လုပ်ငန်းခွင် လုံခြုံရေး စံနှုန်း အားနည်းချက်များကြောင့် လူအများ ထိခိုက်သေကြေသည့် မတော်တဆမှုများ ပိုမို ထူထပ်စွာ ဖြစ်ပေါ်လာခဲ့သည်။
Credit to>>>7 Day Daily

0 comments:

Post a Comment