20.7.15

သုံးပတ်ကြာ ပိတ်ထားသည့် ဂရိဘဏ်များ ပြန်ဖွင့်


အစိုးရ၏ ကြွေးမြီပြဿနာများကြောင့် သီတင်းသုံးပတ်ကြာ ပိတ်ထားရသည့် ဂရိဘဏ်များကို ယခုအခါ ပြန်လည် ဖွင့်လှစ်လိုက်ပြီဟု သတင်းရရှိသည်။



ဇူလိုင် ၂၀ ရက်တွင် ဂရိဘဏ်များ ပြန်ဖွင့်ထားပြီ ဖြစ်သော်လည်း ငွေထုတ်ယူခွင့် သတ်မှတ်ချက်များကို အကန့်အသတ်အချို့ ထားရှိပြီး ဝန်ဆောင်မှု ပေးလျက် ရှိသည်။ ယူရိုဇုန် အဖွဲ့မှ ဂရိနိုင်ငံ နုတ်ထွက်မည့် အခြေအနေကို ရှောင်လွှဲရန်အတွက် မြီရှင် နိုင်ငံများက အသွင်ကူးပြောင်းရေး ကဏ္ဍတွင် ငွေကြေးထောက်ပံ့ ကူညီရန် သဘောတူညီခဲ့သည့်နောက် ဘဏ်များကို ပြန်ဖွင့်လာနိုင်ခြင်း ဖြစ်သည်။

အစောပိုင်းက ဂရိအစိုးရသည် နိုင်ငံခြား အရေးပေါ် ထောက်ပံ့ရန်ပုံငွေ ထပ်မံ မရရှိနိုင်တော့သည့်နောက် နိုင်ငံစီးပွားရေး အခြေခံ တစ်ခုလုံး ပြိုကျသွားနိုင်သည့် အခြေအနေကို တားဆီး ကာကွယ်ရန် ဘဏ်များကို ပိတ်ထားလိုက်ခြင်း ဖြစ်သည်။ ထိုအတောအတွင်း အလိုအလျောက် ငွေထုတ်စက် (အေတီအမ်)များတွင်လည်း တစ်နေ့လျှင် ယူရို ၆၀ သာ ငွေသား ထုတ်ယူခွင့်ပြုရန် ကန့်သတ်ထားလိုက်သည်။

လတ်တလောတွင် ယူရိုဇုန်နှင့် ညှိနှိုင်းသဘောတူညီမှု ရလဒ်များကြောင့် ဘဏ်များကို ပြန်ဖွင့်ထားပြီး နိုင်ငံစီးပွားရေး အခြေအနေ အတိုင်းအတာ တစ်ခုထိ ပြန်လည် တည်ငြိမ်နေသော်လည်း ရေရှည် ဖြေရှင်းရမည့် အကျပ်အတည်းများစွာ ကျန်နေဆဲ ဖြစ်သည်။

ဂရိတွင် အလုပ်လက်မဲ့ အရေအတွက်သည် အလွန်မြင့်တက်နေပြီး နိုင်ငံ အနေဖြင့်လည်း သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ဘဏ္ဍာရေး ယိမ်းယိုင်မှုများ ကြုံနေရသည်။ လတ်တလောတွင် ဘဏ်များကို ပြန်ဖွင့်ထားပြီ ဖြစ်သော်လည်း နိုင်ငံခြား ငွေစာရင်း တစ်ခုသို့ ငွေလွှဲခွင့်နှင့် ချက်လက်မှတ်ဖြင့် ငွေထုတ်ခွင့်များကိုမူ ပိတ်ပင်ထားဆဲ ဖြစ်ကြောင်း သိရှိရသည်။
Credit to>>>7 Day Daily

0 comments:

Post a Comment