10.7.15

အေအိုင်အိုင်ဘီ တည်ထောင်ပြီ


၂၀၁၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အာရှတစ်ခွင်အပြင် ကမ္ဘာအနှံ့ နိုင်ငံအသီးသီးသို့ ဂယက်ရိုက်စေမည့် သတင်းတစ်ပုဒ်ကို ကြေညာခဲ့ပါသည်။


ယင်းသတင်းမှာ “အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်”( Asian Infrastructure Investment Bank ) အတိုကောက်အားဖြင့် အေအိုင်အိုင်ဘီ (AIIB) ကို ရင်းနှီးငွေ အမေရိကန် ဒေါ်လာ(၁၀၀)ဘီလီယံဖြင့် စတင်ထူထောင်မည့် အကြောင်းဖြစ်ပြီး၊ တရုတ်နိုင်ငံမှ စုစုပေါင်းရင်းနှီးငွေ၏ ထက်ဝက် (ဒေါ်လာ ၅၀ ဘီလီယံ)ထည့်ဝင်မည် ဖြစ်သည်။ ယင်းသို့ တည်ထောင်ရာ၌ အပြည်ပြည်ဆိုင်ရာ စံနှုန်းနှင့်အညီ စည်းမျဉ်းများဖြင့် ဆောင်ရွက်မည်ဟုလည်း ဆိုထားသည်။ ၂၀၁၄ ခုနှစ်အတွင်းတွင် ရှင်းလင်း ဆွေးနွေးပွဲများ ကျင်းပလျက်၊ အာရှနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံကြီးများ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် စတင်တည်ထောင်သူများအဖြစ် ရင်းနှီးငွေ၏ ကျန်ထက်ဝက်ကို ယင်းနိုင်ငံ အသီးသီးမှ ထည့်ဝင်ရန် ဖိတ်ခေါ်ခဲ့ပါသည်။ သို့ပါ၍ အဆိုပါဘဏ်ကြီးသည် တရုတ်နိုင်ငံမှ စတင်သော်လည်း တစ်သီးတခြားမဟုတ်ဘဲ နိုင်ငံအသီးသီးအား ပါဝင်ခွင့်ပေးခြင်းကြောင့် ကမ္ဘာ့ဘဏ်နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် အေဒီဘီ (ADB) နည်းတူ အာရှနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့်ဘဏ်တစ်ခု ဖြစ်မည်ဟု မျှော်လင့်ရပါသည်။

ဤသတင်းကို အာရှနိုင်ငံများသာမက ကမ္ဘာ့နိုင်ငံကြီး အများအပြားက ကြိုဆိုထောက်ခံခဲ့ပြီး၊ စတင်တည်ထောင်သူများ အဖြစ် ရင်းနှီးငွေထည့်ဝင်မည်ဖြစ်ကြောင်း ကြေညာကတိပေးခဲ့ရာ၊ စာရေးသူ သိရသလောက် (၅၇)နိုင်ငံရှိသွားပြီဖြစ်သည်။ သို့သော် အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့မှ အဖြေမပေးသေးသဖြင့် အလေးအနက်စဉ်းစားနေကြဟန် တူပါသည်။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ဘဏ်ကို ဦးစီးတည်ထောင်ခဲ့ပြီး၊ အစစအရာရာ လွှမ်းမိုးနိုင်သော အခြေအနေရှိသည်။ ဂျပန်နိုင်ငံသည်လည်း အာရှဖွံ့ဖြိုးရေးဘဏ်ကို ရင်းနှီးငွေအများဆုံးဖြင့် ထည့်ဝင်ပြီး၊ ဘဏ်ဥက္ကဋ္ဌ ရာထူးကို အစဉ်တစ်စိုက်ရရှိနေသည့် နိုင်ငံဖြစ်သည်။

ယခုကဲ့သို့ သီးခြားဘဏ်ကြီးတစ်ခု တည်ထောင်လိုက်ခြင်းမှာ တံစဉ်ထူကာ ယှဉ်ပြိုင်လိုသည့် သဘောလားဟူ၍ တွေးတောစရာ ပေါ်လာနိုင်ပါသည်။ တရုတ်နိုင်ငံကမူ အာရှတစ်ခွင်၏ အခြေခံအဆောက်အအုံ လိုအပ်ချက်ပမာဏမှာ များပြားလွန်းသဖြင့် အဆိုပါဘဏ်ကြီးနှစ်ခု၏ ငွေကြေးအင်အားဖြင့် မလုံလောက်သောကြောင့် ကူညီအားဖြည့်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ ယင်းအပြင် ယခုဘဏ်သည် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း အားလုံးအတွက် မဟုတ်ဘဲ အခြေခံအဆောက်အအုံအတွက်သာ ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

လက်ရှိအခြေအနေတွင် တရုတ်နိုင်ငံသည် ငွေကြေးအင်အားတောင့်တင်းနေသည်ဖြစ်ရာ အာဖရိကနိုင်ငံများတွင် အခြေခံ အဆောက်အအုံများနှင့် ပတ်သက်၍ ချေးငှားမြှုပ်နှံခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံအတွက်ပင်လျှင် အာရှ (အမြန်) မီးရထားလမ်း၏ တစ်စိတ်တစ်ဒေသကို တာဝန်ယူဆောင်ရွက်ပေးနိုင်ရန် ကမ်းလှမ်းလျက်ရှိ၏။ မြန်မာနိုင်ငံအတွက်လည်း ကာလရှည် ချေးငွေများပေးနေပါသည်။ ဤသို့ ငွေကြေး အကူအညီကို နိုင်ငံအသီးသီးသို့ တိုက်ရိုက် ပေးနိုင်လျက်၊ အဘယ်ကြောင့် ဘဏ်တစ်ခု သီးခြားတည်ထောင်ပြီး၊ ငွေချေးငှားခြင်း ပြုလုပ်လိုပါသနည်းဟု စဉ်းစားစရာပေါ် လာနိုင်ပါသည်။ ဖြစ်နိုင်သည့် တစ်ချက်မှာ ဘဏ်တည်ထောင်ရာ၌ ဦးစီးထည့်ဝင်ပြီး အခြားနိုင်ငံများကို ပါဝင်ရန်ဖိတ်ခေါ်ခြင်းသည် မိမိနိုင်ငံ၏ သြဇာတိက္ကမကြီးမားလာ စေလိုခြင်းဖြစ်သည်။ သို့တည်းမဟုတ်၊ အခြေခံအဆောက်အအုံတွင် အပါအ၀င် ဖြစ်သော အမြန်မီးရထားလမ်းဆောက်လုပ်ခြင်း၊ ရေကာတာကြီးများ တည်ဆောက်ခြင်းနှင့် စက်ရုံကြီးများ တည်ဆောက်ခြင်း စသည်တို့တွင် အတွေ့အကြုံများစွာ ရလာပြီဖြစ်သဖြင့် မိမိတို့၏ စရိတ်သက်သာသော (Cost Effective) နည်းလမ်းဖြင့် အပြည်ပြည်ဆိုင်ရာ တင်ဒါယှဉ်ပြိုင်မှုတွင် ရွေးချယ်ခံရန်၊ အခွင့်အရေးကို ဖော်ထုတ်လိုခြင်းလည်း ဖြစ်နိုင်ပါသည်။ မည်သို့ ရည်ရွယ် ချက်ရှိစေကာမူ အာရှအတွက် အားကိုးစရာ ဘဏ်ကြီးတစ်ခုတိုးလာခြင်းအပေါ် ကြိုဆိုကြရမည်သာဖြစ်ပါသည်။

သို့တစေ၊ အာရှအတွင်း အချို့နိုင်ငံများအတွက် အနေခက်စရာဖြစ်နိုင်ပါသေးသည်။ တောင်တရုတ်ပင်လယ်ကွေ့တွင် ရေပိုင်နက်အတွက် တရုတ်နိုင်ငံမှ တစ်ဖက်၊ ဂျပန်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့က တစ်ဖက်၊ အငြင်းပွားလျက်ရှိရာ၊ အာဆီယံအဖွဲ့ပင်လျှင် ၀င်ရောက်ဖျန်ဖြေရတော့ မလိုရှိနေပါသည်။ ဤသို့ ပြဿနာရှိညားသော်လည်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် သီးခြားစဉ်းစားကာ စတင်တည်ထောင်သူများအဖြစ် သဘောတူခဲ့ကြပါသည်။ အခြားအာဆီယံအဖွဲ့ဝင် တစ်ဦးဖြစ်သော အင်ဒိုနီးရှားနိုင်ငံကလည်း ဤဘဏ်ကြီးတည်ထောင်မည်ကြေညာစဉ် ကတည်းက မူလတည်ထောင်သူအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေနှင့် ပါဝင်မည်ဟု ဆုံးဖြတ်ခဲ့ပြီးဖြစ်၏။ အင်ဒိုနီးရှားသည် အာဆီယံတွင် စီးပွားရေးအင်အားအနေနှင့် အကြီးဆုံးဖြစ်သော်လည်း၊ အခြေခံအဆောက်အအုံပိုင်းတွင် မပြည့်စုံသေးသဖြင့် မိမိနိုင်ငံအတွင်း ကျွန်းများ၊ တစ်ကျွန်းမှ တစ်ကျွန်းသို့ အလွယ်တကူ ဆက်သွယ်ကူးလူးနိုင်ရန် လမ်းများနှင့် တံတားများကအစ၊ လိုအပ်နေသေးသည့်အလျောက် ဘဏ်ကြီးတစ်ခု အသစ်တိုးလာခြင်းပင်လျှင် အခွင့်အရေးကြီးတစ်ခုတိုးပြီဟု ယူဆဟန်ရှိပါသည်။ သို့သော် မကြာမီက အင်ဒိုနီးရှားနိုင်ငံတွင် သမ္မတအသစ် ရွေးချယ်ခန့်အပ်ပြီးနောက် အေအိုင်အိုင်ဘီနှင့် ဆက်သွယ်မှုတွင် နှောင့်နှေးသွားသယောင်ရှိသည်ဟု သုံးသပ်သူများရှိနေ၏။

ဂျပန်နိုင်ငံအနေနှင့် အေအိုင်အိုင်ဘီသို့ ၀င်ရောက်ရန် အဖြေမပေးနိုင်သေးခြင်း ကိစ္စကို အသေးစိတ်တင်ပြလိုပါသေးသည်။ ဂျပန်နိုင်ငံသည် စောင့်ကြည့်နေသည့် အဆင့်သာရှိနေသေးသည့် အကြောင်းတစ်ခုမှာ အေအိုင်အိုင်ဘီမှ ကျင့်သုံးမည့် အုပ်ချုပ်ပုံစံနှုန်း (Standard of Governmance) အတွက် စိုးရိမ်စိတ်ရှိနေသေးကြောင်း ပြောကြားခဲ့ဖူးသည်။ ယင်းဘဏ်ကြီးသို့ ၀င်ရောက်မည့် ကိစ္စကို ဆန့်ကျင်နေသည့် ဂျပန်အသိုက်အ၀န်းကလည်း ဘဏ်မှငွေချေးသည့်အခါ၊ တရုတ်နိုင်ငံဘက်မှ စိတ်ကြိုက် ဆုံးဖြတ်သွားပါက၊ နောင်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်ပရေးရာ စီးပွားရေး မူဝါဒအောက်သို့ ရောက်သွားနိုင်ကြောင်း ဆင်ခြေပေးကြပါသည်။

စာရေးသူအနေနှင့်မူ ဤမျှ စိုးရိမ်စရာ မလိုဟု ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ဥရောပနိုင်ငံကြီးများဖြစ်ကြသော အင်္ဂလန်၊ ဂျာမနီနှင့် ပြင်သစ်တို့သည့် ဤဘဏ်သို့ တည်ထောင်သူအဖွဲ့ဝင်များအဖြစ် ပါဝင်ရန် ကတိပြုပြီးဖြစ်ရာ၊ ယင်းစိုးရိမ်စိတ်မျိုးအတွက် မတွေးတော၊ မစိစစ်ဘဲ ဆုံးဖြတ်ခဲ့မည် မဟုတ်ပါ။ အနည်းဆုံး အာရှဖွံ့ဖြိုးရေးဘဏ်၏ လုပ်ပုံလုပ်နည်းအတိုင်း လိုက်နာမည်ဟု ယူဆပါသည်။ ထို့ပြင် အေအိုင်အိုင်ဘီသို့ ၀င်ရောက် အမှုထမ်းရန်အတွက်၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ လုပ်ပုံလုပ်နည်း အတိုင်း လိုက်နာမည်ဟု ယူဆပါသည်။ ထို့ပြင်၊ အေအိုင်အိုင်ဘီသို့ ၀င်ရောက် အမှုထမ်းရန်အတွက်၊ အာရှဖွံ့ဖြိုးရေးဘဏ် နှင့် ကမ္ဘာ့ဘဏ်စသည့် ဘဏ်များအပြင်၊ အခြား အပြည်ပြည်ဆိုင်ရာ ပုဂ္ဂလိက ဘဏ်ကြီးများတွင် ရာထူးမြင့်မြင့်၌ လုပ်ကိုင်ခဲ့ဖူးသူများကိုလည်း ဖိတ်ခေါ်စုဆောင်းနေကြောင်း သိရ၏ တစ်ဖက်က ကြည့်လျှင်၊ ၀င်ရောက်ရန် ကတိပြုသည့် နိုင်ငံများအနေနှင့် ဤသို့သော ဘဏ်တွင် ၀င်ရောက်ခြင်းအားဖြင့် အာရှဖွံ့ဖြိုးရေးဘဏ်ရှိ ဂျပန်နိုင်ငံ၏ သြဇာကိုထိန်းထားနိုင်မည်ဖြစ်ကြောင်း၊ မ၀င်လိုက်ပါက ယင်းအခွင့်အလမ်းကို လက်လွှတ်ရာကျမည်ဟု အကြောင်းပြပါသည်။

နောက်ဆုံး သတင်းအရ၊ ဂျပန်နိုင်ငံ၏ သဘောထားမှာ ပိုမိုပြတ်သားလာပုံရပါသည်။ ဂျပန်နိုင်ငံဝန်ကြီးချုပ်က အာရှနိုင်ငံများ၏ အခြေခံ အဆောက်အအုံဆိုင်ရာ စီမံကိန်းများအတွက် အမေရိကန်ဒေါ်လာ (၁၁၀)ဘီလီယံ (မြန်မာငွေကျပ် (၁၁၀) ထရီလီယံခန့် ချေးငှားမည်ဟု ကြေညာ လိုက်ပါသည်။ အေအိုင်ဘီ၏ ရင်းနှီးငွေမှာ အမေရိကန်ဒေါ်လာ (၁၀၀) ဘီလီယံရှိရာ၊ ယင်းထက်ပို၍ ချေးငှားမည်ဆိုခြင်းသည် အဆိုပါဘဏ်သို့ စိန်ခေါ်ခြင်းလားဟု သံသယ ရှိနိုင်ပါသည်။ တစ်ချိန်တည်းမှာပင်၊ စင်ကာပူနိုင်ငံတွင် ကျင်းပသည့် တည်ထောင်သူ (၅၇)နိုင်ငံက ကျင်းပသည့်၊ အစည်းအဝေးတွင် သဘောတူညီချက် စည်းမျဉ်းများ (Articles of agreement) ကို ဆွေးနွေးမှုပြီး စီးခဲ့ပြီ ဖြစ်သဖြင့်၊ ဇွန်လကုန်တွင် လက်မှတ်ရေးထိုးကြရန် မျှော်လင့်ထားပြီး၊ ဘဏ်လုပ်ငန်းကို ၂၀၁၅ နှစ်ကုန်တွင် စတင်မည်ဖြစ်ကြောင်း ကြေညာပါသည်။ အဖွဲ့ဝင်လောင်း နိုင်ငံများသည်၊ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အခြေခံ မူကြမ်းနှင့် ၀ယ်ယူရေး အခြေခံ မူကြမ်းအပါအ၀င်၊ အခြားကိစ်္စများ ကိုလည်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ အနေနှင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ချင်း ဆက်စပ်နေသည့်အပြင်၊ စီးပွားရေး လုပ်ငန်းများ၊ ချေးငွေများနှင့်လည်း ပတ်သက်နေသည် နှင့်အညီ အေအိုင်အိုင်ဘီတည်ထောင်သူ အဖွဲ့ဝင်နိုင်ငံများတွင် ပါဝင်ပြီး ဖြစ်ပါသည်။ စာရေးသူ၏ အမြင်ပြောရလျှင် အေအိုင်အိုင်ဘီသည် တရုတ်အစိုးရနှင့် ကွန်မြူနစ်ပါတီ၏ သြဇာမှ ကင်းလွတ်မှုမည်မျှရှိသည်ကို စိစစ်ရန် လိုပါမည်။ တရုတ်နိုင်ငံ၏ လက်ရှိဘဏ်နှင့် ငွေကြေးဆိုင်ရာ၊ ဥပဒေများ၊ စည်းမျဉ်းများနှင့် ညွှန်ကြားချက်များမှ ကင်းလွတ်ရန်လည်း လိုပါမည်။ ယင်းကိစ္စများအတွက် သဘောတူညီချက် စည်းမျဉ်းများတွင် အာမခံချက် ပေးထားပါက၊ စိတ်ချနိုင်မည်ဟု မျှော်လင့်ပါသည်။ ယင်းထက်ပို၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာဏာအမြင့်ဆုံး ပြည်သူ့ကွန်ဂရက်မှ၊ သဘောထားကြေညာချက် (သို့မဟုတ်) ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးခြင်းအားဖြင့် အာမခံချက်ပေးပါလျှင်၊ အမေရိကန် ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံတို့ ပင်လျှင်၊ ပါဝင်ကောင်း ပါဝင်နိုင်ကြလိမ့်မည်။

Credit to>>>The Messenger

0 comments:

Post a Comment