26.8.15

မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအပေါ် စိုးရိမ်မှုများရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အတိုက်အခံအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းကြောင်းအပေါ် စိုးရိမ်မှုများရှိကြောင်း AFP သတင်းဌာနနှင့် တွေ့ဆုံစဉ် သြဂုတ် ၂၅ ရက်က ပြောကြားသည်။
ထို့အပြင် ၎င်းက ရွေးကောက်ပွဲအကြိုကာလအတွင်း မသမာမှုများဖြစ်ပေါ်မည်ကို စိုးရိမ်ကြောင်းနှင့် ကာလရှည်ကြာစွာ ဖိနှိပ်ခံခဲ့ရသော မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီနိုင်ငံအဖြစ် သတ်မှတ်ခံရရန်အတွက် များစွာလိုအပ်သေးကြောင်း ဆက်လက်ပြောကြားသည်။

“ဘာသာရေးကို နိုင်ငံရေးအတွက် ခုတုံးလုပ်တာမျိုးတွေ၊ ရွေးကောက်ပွဲ မသမာမှုတွေကို စိုးရိမ်ပါတယ်။ ဘာသာရေးပွဲတော်တွေမှာ NLD ရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေက ပါတီကို နှစ်ခေါက်တိုက်ခိုက်မှုလုပ်ခဲ့တဲ့အတွက် ရွေးကောက်ပွဲအာဏာပိုင်တွေဆီ တင်ပြထားတာလဲ ဘာမှ လုပ်ဆောင်မှုမရှိပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို AFP သတင်းဌာနက ဖော်ပြထားသည်။

“ဘယ်သူ့ကိုမှ အပြစ်မပေးပါဘူး။ ခုနကမေးတဲ့ မသမာမှု၊ လိမ်လည်မှုတွေလိုမျိုးတွေကို စိုးရိမ်လားဆိုရင်တော့ အရမ်းစိုးရိမ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။

NLD ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံအနှံ့ ကိုယ်စားလှယ်တစ်ထောင်ကျော် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး နောက်တွန့်မည်မဟုတ်ကြောင်း AFP က ဖော်ပြထားသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက အာဏာရပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကို ရာထူးမှ ဖယ်ရှားခြင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် “ကျွန်မတို့က ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားနေရမှာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်တွေအတွင်းက ဖြစ်ခဲ့တာတွေကို ပြန်ကြည့်ရင် သိပ်ခရီးမပေါက်သေးကြောင်း သိသာနေပါတယ်”ဟု ပြောကြားခဲ့သည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အသုံးပြုခဲ့ခြင်းသည် ယခင် အာဏာရှင်လက်ထက်ကဲ့သို့ပင် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သို့သော် လာမည့်နိုဝင်ဘာလ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိပါက NLD ပါတီအနေဖြင့် အများစုအနိုင်ရမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

“ရွေးကောက်ပွဲသာ လွတ်လပ်ပြီး တရားမျှတမယ်ဆိုရင် (အနိုင်ရဖို့) သေချာတာပေါ့။ ပြီးခဲ့တဲ့အစိုးရတွေနဲ့ ပြန်ယှဉ်ကြည့်မယ်ဆိုရင် ကျွန်မတို့အနေနဲ့ ဒီထက်ပိုကောင်းတဲ့ အစိုးရဖွဲ့စည်းနိုင်မှာပါ”ဟု  ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment