26.8.15

PR လျှောက်ထားသူများအနက်မှ ၁၃၁ ဦးကို အမြဲနေထိုင်ခွင့် ပေးအပ်ပြီးနောက် ဒုတိယအသုတ်တွင် ပါဝင်သည့် လျှောက်ထားသူ ၅၀ ကျော်အား ထပ်မံခွင့်ပြုမည်

မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) စနစ် လျှောက်ထားသူများအနက်မှ ၁၃၁ ဦးကို အမြဲနေထိုင်ခွင့် ပေးအပ်ပြီးနောက် ဒုတိယအသုတ်တွင် ပါဝင်သည့်  လျှောက်ထားသူ ၅၀ ကျော်အား ထပ်မံခွင့်ပြုသွားရန် စီစဉ်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သတင်းရရှိသည်။

“ဒုတိယအသုတ် လျှောက်ထားသူ ၅၀ ကျော်ကို နေပြည်တော်မှာ လူတွေ့စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီ ၅၀ ကျော်ကို  နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီက စိစစ်ပြီးဖြစ်ပါတယ်။ အစိုးရအဖွဲ့ အတည်ပြုချက်ရယူပြီး အမြဲနေထိုင်ခွင့်လက်မှတ်တွေကို ထုတ်ပေးသွားမှာပါ”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ရန်ကုန်ဌာနစိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) စနစ် ပထမဆုံး စတင်လျှောက်ထားသူ စုစုပေါင်း ၁၃၄ ဦးအား နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီမှ စိစစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အတည်ပြု ချက်ရယူ၍ လူတွေ့စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ ၁၃၁ ဦးအား ပထမဆုံး စတင်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ဇူလိုင် ၁၃ ရက်တွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ကတ်ပြားရရှိသူ ၁၃၁ ဦးတွင် ကျွမ်းကျင်ပညာရှင် ရှစ်ဦး၊ ရင်းနှီးမြှုပ်နှံသူ ငါးဦး၊ နိုင်ငံသားဟောင်း ၆၃ ဦး၊ ဆက်စပ် နိုင်ငံခြားသား ၂၇ ဦးနှင့် မိသားစုဝင်၂၈ ဦး တို့ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) စနစ် လျှောက်ထားသူများအား ကျွမ်းကျင်ပညာရှင်များပါဝင်သည့် ဘုတ်အဖွဲ့မှ အမှတ်ပေးစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ကို ရယူပြီးမှသာ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်အား စတင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားသား အမြဲနေထိုင်ခွင့် (PR) စနစ်တွင် တစ်နှစ်အတွက် နိုင်ငံခြားသား တစ်ဦးလျှင် အမေရိကန်ဒေါ်လာတစ်ထောင်နှင့် မြန်မာနိုင်ငံသားဟောင်းတစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၅၀၀ ဖြင့် နေထိုင်ခွင့်ပြုမည်ဖြစ်ကာ (PR) စနစ်လျှောက်ထားသူနှင့်အတူ တစ်ပါတည်း အမြဲနေထိုင်ခွင့် လျှောက်ထားသည့် အသက် ခုနစ်နှစ်အထက်မှ ၁၈ နှစ်အထိ ယင်းတို့၏ တရားဝင်သားသမီးတစ်ဦးစီအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၀၀ ကောက်ခံသွားမည်ဟု သိရသည်။ (PR) စနစ် လျှောက်ထားသူ၏ ခုနစ်နှစ်အောက် သားသမီးများအတွက် အခမဲ့နေထိုင်ခွင့်ပြုမည်ဟု သိရသည်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် (PR) စနစ်ကို သက်တမ်းငါးနှစ် သတ်မှတ်ထားပြီး၊ သက်တမ်းကုန်လွန်ပါက နေထိုင်ခွင့်သက်တမ်းအား တစ်နှစ်စီ ထပ်မံပေးအပ်သွားမည်ဟု သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment