11.8.15

ပြည်သူ ၅၁ သန်းကျော်၏ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိနေသည့်အပြင် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်အား ကောင်းစွာကိုင်တွယ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ပြည်သူလူထု ၅၁ သန်းကျော်၏ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိနေသည့်အပြင် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်ကိုလည်း ကောင်းစွာကိုင်တွယ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သြဂုတ် ၉ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ မန်းသီတာ ဟိုတယ်ရှေ့၌ ဒေသခံ ပြည်သူလူထုအား အထက်ပါကဲ့သို့ တွေ့ဆုံပြောကြား ခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့ ဒီကိုလာရတယ် ဆိုတာက ပြည်သူတွေနဲ့ ဟောပြောပွဲလုပ်ဖို့ မဟုတ်ပါဘူး။ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် လောင်းတွေနဲ့ လာပြီးတွေ့ဖို့ ဖြစ်ပါတယ်။ အမှန်ပြောရရင် ကိုယ်စားလှယ်လောင်းတွေကို ဆူရကြိမ်းရတာပေါ့။ မကြိမ်းလို့ မဆူလို့လဲ မရဘူး။ ဒါမှလည်း ပြည်သူတွေအတွက် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြမှာ ဖြစ်ပါတယ်။ ကျွန်မကတော့ မေတ္တာရပ်ခံ ချင်ပါတယ်။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးကြပါ” ဟု ၎င်းကဆိုသည်။

ဆက်လက်ပြီး ၎င်းက “ကိုယ်စားလှယ်လောင်းတွေ နာမည်တွေလည်း မသိချင်ပါနဲ့။ အထဲမှာ ကောင်းတဲ့လူလည်း ရှိမယ်။ ဆိုးတဲ့လူလည်း ရှိမယ်။ ဒါပေမဲ့ ဆိုးတဲ့လူတွေကို စာရင်းယူမယ်။ ကောင်းတဲ့လူတွေကိုလည်း ပိုကောင်းအောင်လုပ်မယ်။ ကျွန်မတို့ဟာ ဒီနိုင်ငံမှာရှိတဲ့ ၅၁ သန်းကျော်ရဲ့ ပြဿနာတွေကို ရင်ဆိုင်ဖို့ အသင့်ရှိနေမှတော့ ကိုယ်စားလှယ် တစ်ထောင်လောက်ကတော့ ကောင်းကောင်းလေးနိုင်တယ်။ ဒီကိုယ်စားလှယ်က မကောင်းဘူးဆိုရင် ကောင်းအောင်ကြိုးစားမယ်။   ကောင်းအောင်ကြိုးစားလို့မှ မရဘူးဆိုရင် စည်းမျဉ်းစည်းကမ်းအရ အရေးယူမယ်” ဟု လူထုအား ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတစ်နိုင်ငံကို စနစ်ကောင်းလုပ် ဖို့ဆိုတဲ့ အခွင့်အရေးက ခဏခဏလာတာ မဟုတ်ဘူး။ တစ်ခါတလေမှလာတာ။၁၉၉၀ ခုနှစ်တုန်းက တစ်ခါ အခွင့်အရေး ရခဲ့တယ်။ ဒါပေမဲ့ ကျွန်မတို့ ပြည်သူတွေက တာဝန်ကျေပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့ပေမယ့် အာဏာပိုင်တွေဘက်က ရွေးကောက်ပွဲရလာဒ်ကို ပယ်ဖျက်လိုက်တယ်။ ဒီတစ်ခါ ကျွန်မတို့ ထပ်ပြီး အခွင့်အရေးရပြန်ပြီ။ ဒီလိုအခွင့်အရေးမျိုးဟာ နောက်အနှစ် ၅၀ လည်း ရချင်မှရမှာ။ အဲဒီအခွင့်အရေးကို လက်မလွှတ်ပါနဲ့” ဟု ပြောကြားသည်။

“အဖွဲ့ချုပ်ထဲက အဖွဲ့ဝင်တွေဟာ အားလုံး ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကျွန်မတို့ဟာ စည်းမျဉ်းစည်းကမ်းနဲ့ ထိန်းထားမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “သူတို့တွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့  ပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ သံသယရှိလာပြီဆိုရင် အဖွဲ့ချုပ်နဲ့ပေါင်းပြီးတော့ ဖြေရှင်းပါ့မယ်ဆိုတဲ့ လက်မှတ်လည်း ထိုးရတယ်” ဟုဆိုသည်။

“ကျွန်မတို့ ကိုယ်စားလှယ်လောင်းတွေ ရွေးတဲ့နေရာမှာ ကျွန်မတို့ ပြည်သူတွေက ကြားမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ကြ လုကြ၊ ယက်ကြနဲ့ ဒါကတော့ သဘာဝကျပါတယ်။ ဒါလူ့သဘာဝလည်းပါတယ်။ နောက်တစ်ခုက ကျွန်မတို့ နိုင်ငံမှာ နှစ်ပေါင်းများစွာ ရာထူးရှိမှ၊ နေရာရှိမှ၊ မျက်နှာရှိမှ နေပျော်သလို ဖြစ်ခဲ့တာကြာပြီ။ အဲဒီတော့ လူတိုင်းက နေရာလိုချင်ကြတယ်။ ရာထူးလိုချင်ကြတယ်။ ရာထူးနေရာရှိမှ လူဖြစ်တယ်လို့ ထင်နေကြတယ်။ အဲဒါဟာ စနစ်ကြောင့်ပဲ။ ဒါတွေကို ပြောင်းယူရမယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ တတ်နိုင်တဲ့နည်းတွေနဲ့ ကျွန်မတို့ ကိုယ်စားလှယ် လောင်းတွေဟာ မှန်ကန်တဲ့လမ်းပေါ်ကို ရောက်နိုင်အောင်လို့ ကြိုးစားပါတယ်။ စည်းမျဉ်းစည်းကမ်းနဲ့ ထိန်းသွားမှာပါ။ ဘယ်လောက်အောင်မြင်မလဲဆိုတော့ ကျွန်မတို့ ၁၀၀ ရာခိုင်နှုန်းတော့ အာမ မခံနိုင်ဘူး။ ဘယ်လောက်ပဲ စိစစ်၊ စိစစ် ဘယ်လောက်ပဲ ကြိုးစား ကြိုးစား စုန်းပြူးတွေကတော့ ပါလာတတ်တာပဲ။ ဒါတွေကို ကိုင်တွယ် ရဲတယ်။ ရင်ဆိုင်မယ်။ ကျော်လွှားမယ်။ ပြည်သူကို မေတ္တာရပ်ခံချင်တာ တစ်ခုပဲရှိတယ်။ အဲဒီလိုစုန်းပြူးတွေ ပါလာလို့ရှိရင်လဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို စိတ်မပျက်ပါနဲ့။ ဒါဟာ အဖွဲ့တိုင်းမှာ ဖြစ်တဲ့ကိစ္စပါ” ဟု ပြောကြားသည်။

“ဒီရွေးကောက်ပွဲဟာ အရေးကြီးတဲ့ ရွေးကောက်ပွဲဖြစ်သလို ကျွန်မတို့ဟာ ပါတီအများကြီးနဲ့ ယှဉ်ပြိုင်ရမှာပါ။ ကျွန်မပြောမယ်နော် ပွတ်ကာသီကာ နိုင်တာတော့ မလိုချင်ဘူး။ အပြတ်အသတ်ပဲ နိုင်တာလိုချင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မကွေးတိုင်း ဒေသကြီးအတွင်း ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများနှင့် မန်းသီတာ ဟိုတယ်၌ တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား မင်းဘူးမြို့ခံပြည်သူလူထု တစ်ထောင်ကျော် ကြိုဆိုခဲ့သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment