1.9.15

ထိုင်းနိုင်ငံရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို ထိုင်းပြည်သူများ ကန့်ကွက်သောကြောင့် ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ဆောက်လုပ်ရန် ကြိုးပမ်းလာကြောင်း ထိုင်းမီဒီယာများ ပြောကြား


ထိုင်းနိုင်ငံတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများကို ပြည်သူများ ကန့်ကွက်နေသောကြောင့် ကုမ္ပဏီများက ပြည်ပ၌ နေရာရှာဖွေ ဆောက်လုပ်ရန် ကြိုးပမ်းလာကြကြောင်း ထိုင်းမီဒီယာများက ပြောကြားသည်။


ဆိုးကျိုးများစွာ ဖြစ်ပေါ်နိုင်သောကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများကို ပိတ်ပစ်နေသလို နောက်ထပ်အသစ် တည်ဆောက်မည့် စက်ရုံများကိုလည်း ပြည်သူများက မလိုလားဘဲ ကန့်ကွက်နေကြောင်း သိရသည်။

“ထိုင်းနိုင်ငံမှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို မြန်မာနိုင်ငံက ပြည်သူတွေလိုပဲ ကန့်ကွက်နေကြပါတယ်။ ပြည်သူတွေက မလိုလားကြပါဘူး။ မြန်မာနိုင်ငံမှာလိုပဲ ကုမ္ပဏီကပေးအပ်တဲ့  ငွေကြေးအသပြာကိုယူပြီး ကျောက်မီးသွေးသုံး စက်ရုံပေါ်ထွက်လာရေး လိုက်လံဆောင်ရွက်နေတဲ့သူ တချို့လည်း ရှိပါတယ်။ အဲဒီကုမ္ပဏီကလည်း အတော်လေး ပေါက်ရောက်ပြီး ကျောက်မီးသွေးနဲ့ ပတ်သက်တဲ့စက်ရုံ တည်ဆောက်ဖို့ တချို့ဒေသခံတွေကို နေ့စားနဲ့ ငှားရမ်းပြီး ထောက်ခံခိုင်းတာ ရှိပါတယ်။ အဲလိုလူတန်းစားကလည်း နည်းပါးပါတယ်” ဟု ထိုင်းနိုင်ငံမှ မြိတ်မြို့သို့ လာရောက်သတင်းရယူသော မီဒီယာသမားတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံမှ Matichon Newspaper, Post Today Newspaper, Transporter စသည့် မီဒီယာများအပြင် ဘန်ကောက်ပို့စ်တွင် ရေးသားနေသည့် Freeleance ဂျာနယ်လစ်များ၊ ထိုင်းနိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သတင်းများကို ရေးသားနေသည့် ဂျာနယ်လစ်များမှာ မြိတ်မြို့သို့ ရောက်ရှိလာပြီး တနင်္သာရီမြစ်ဝ၌ တည်ဆောက်ရန် စီစဉ်နေသော ၂၆၄၀ မဂ္ဂါဝပ်ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်ပြီး လာရောက်သတင်း ရယူခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဂျာနယ်လစ်တွေရဲ့ တာဝန်အတိုင်း လာရောက်တာဖြစ်တယ်။ ကျောက်မီးသွေးသုံးစက်ရုံ တည်ဆောက်မယ့် ကုမ္ပဏီနဲ့ လုံးဝပတ်သက်မှု မရှိပါဘူး။ ဒီကပြည်သူတွေက စက်ရုံစီမံကိန်းအပေါ်မှာ ဘယ်လိုသဘော ထားသလဲဆိုတာ သိချင်လို့ပါ။ မြန်မာနိုင်ငံက ပြည်သူတွေရဲ့ သဘောထားကို ထိုင်းနိုင်ငံရောက်ရင် ပြန်လည်ရေးသား ဖော်ပြသွားမှာပါ။ တနင်္သာရီတိုင်း ဒေသကြီးအတွင်းက သတင်းတွေကိုလည်း ဖော်ပြပေးသွားမှာပါ” ဟု ထိုင်းမီဒီယာသမား တစ်ဦးက The Daily Eleven သတင်းစာ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ထိုင်းနိုင်ငံမှ  အဓိကရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့် အဆိုပါ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအား ဒေသခံများက ကန့်ကွက်ထားပြီး ထိုင်းနိုင်ငံမှ မီဒီယာသမားများကလည်း အဆိုပါ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်ပြီး လာရောက်သတင်း ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ မီဒီယာများတွင် အွန်လိုင်း မီဒီယာများလည်း ပါဝင်လာခဲ့ပြီး မြိတ်မြို့ရှိ မီဒီယာသမားများ၊  အရပ်ဘက် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
Credit to>>>Eleven Media

0 comments:

Post a Comment