29.9.15

မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်း ESIA စစ်တမ်းမှာ စံချိန်စံညွှန်း သတ်မှတ်ချက်နဲ့ မကိုက်ညီဘူး လို့ဆို

သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖော်ရာမှာ လူမှုဘဝနဲ့ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုရှိမရှိ လေ့လာတဲ့ (ESIA) စစ်တမ်းမှာ စံချိန်စံညွှန်း သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတဲ့အပြင် ပွင့်လင်းမြင်သာမှုလည်း မရှိဘူးလို့ ရှမ်းပြည်နယ် လူမှုအဖွဲ့အစည်းတွေက ဒီနေ့(စက်တင်ဘာလ ၂၉ ရက်)မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သြစတြေးလျ ကုမ္ပဏီတစ်ခုဖြစ်တဲ့ snowy Mountain Engineering Corporation (SMEC) က လေ့လာနေတဲ့ လူမှုဘဝနဲ့ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု ရှိမရှိ လေ့လာတဲ့ ESIA စစ်တမ်းဟာ ဒေသရဲ့ အဓိက အချက်အလက်တွေကို လေ့လာဆန်းစစ်တာမျိုး မရှိတဲ့အပြင် ပွင့်လင်းမြင်သာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ Save the Salween အဖွဲ့တာဝန်ခံ ဦးစောသာဘိုးက ပြောပါတယ်။
သံလွင်မြစ်ကြောင်းတစ်လျှောက်ဖြစ်ပေါ်စေနိုင်တဲ့ ပတ်ဝန်းကျင်ထိခိုက်မှုတွေကို လေ့လာဖို့လိုအပ်ပြီး အထူးသဖြင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘဝ ထိခိုက်မှုအများဆုံး ရှိလာနိုင်တဲ့ မြစ်အောက်ပိုင်းဒေသကို လေ့လာဖို့လိုအပ်တဲ့အပြင် ငါးဖမ်းလုပ်ငန်းတွေ၊ မြစ်ကမ်းရေ တိုက်စားမှုအခြေအနေ၊ နုန်းတင်မြေနု စိုက်ခင်းအပေါ် သက်ရောက်မှုတွေနဲ့ ရေကာတာ ပြိုကျခဲ့ရင် ဖြစ်လာနိုင်တဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကိုပါ ထည့်သွင်းလေ့လာသင့်တယ်လို့ သူက ပြောပါတယ်။
ရေအားလျှပ်စစ်ထုတ်ယူမယ့် ရေကာတာ စီမံကိန်းတွေကို ဆက်လက် အကောင်အထည် ဖော်နေတာဟာ ဒေသခံတွေရဲ့ အခွင့်အရေးကို ထိခိုက်နစ်နာစေပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနဲ့ ပဋိပက္ခတွေကို ပိုဖြစ်စေနိုင်တာကြောင့် စီမံကိန်းတွေကို ရပ်ဆိုင်းဖို့ တောင်းဆိုတာဖြစ်တယ်လို့ ရှမ်းပြည်နယ် လူမှုအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် သံလွင်မြစ် ရေအားလျှပ်စစ် ထုတ်ယူရေး စီမံကိန်းတွေမှာ SMEC ကုမ္ပဏီ ပါဝင်ပတ်သက်ခြင်း မပြုဖို့လည်း ရှမ်းပြည်နယ်အတွင်းမှာ ရှိတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအဖွဲ့အစည်း နှစ်ရာကျော်က တောင်းဆိုထားပါတယ်။
မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်းကို မြန်မာနိုင်ငံသားပိုင် International Group Of Entrepreneurs of Company ၊ တရုတ်အစိုးရပိုင် ကုမ္ပဏီဖြစ်တဲ့ China Three Gorges Corporation နဲ့ ထိုင်းအစိုးရပိုင် Electeicity Generating Authority of Thailand International တို့က ပူးပေါင်း တည်ဆောက်မှာဖြစ်တယ်လို့ SMEC ထံမှ သိရပါတယ်။

Credit To >>> The Voice News

0 comments:

Post a Comment