16.11.15

ကမ္ဘာ့ ခရီးသွားလုပ်ငန်း ပွဲတော်တွင် မြန်မာနိုင်ငံမှ တက်ရောက် ပြသ


ကမ္ဘာ့ခရီးသွားလုပ်ငန်း ပွဲတော် (World Travel Market - WTM 2015) ကို နိုဝင်ဘာ ၂ ရက်မှ ၅ ရက်အထိ အင်္ဂလန်နိုင်ငံ လန်ဒန် မြို့၌ ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းသည် လေကြောင်းလိုင်းသုံးခု၊ ခရီးသွားလုပ်ငန်း ကုမ္ပဏီ ၁၂ ခုနှင့် ဟိုတယ် လေးခုတို့ဖြင့် တက်ရောက်ပြသခဲ့သည်။
အဆိုပါခရီးသွားပြပွဲသို့ လာရောက်သူ ဦးရေမှာ ၅၂ဝဝဝ ခန့်ရှိပြီး ပါဝင်ပြသသည့် အရေအတွက်မှာ ယခင်နှစ်များထက် ၆ ရာခိုင်နှုန်း ပိုလာကြောင်း သိရသည်။ အာဆီယံ နိုင်ငံများမှ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ အစရှိသည့် နိုင်ငံများနှင့်အတူ အရှေ့အလယ်ပိုင်းနိုင်ငံများ၊ အနောက်ဥရောပ နိုင်ငံများမှလည်း တက်ရောက် ပြသခဲ့ကြသည်။

ခရီးသွားပြပွဲ ကျင်းပနေသည့် ရက်များတွင် နိုင်ငံတကာ ခရီးသွား မဂ္ဂဇင်း၊ ဂျာနယ်များမှ နိုင်ငံဈေးကွက်မြှင့်တင်ရေး ကြော်ငြာများ ထည့်ရန်အတွက် ကမ်းလှမ်းမေးမြန်းမှုများ အများ အပြားရှိခဲ့သည်။ ထို့ပြင် ကမ္ဘာလှည့်ခရီးသည်များ အနေဖြင့် နယ်စပ်ဝင်/ထွက်ပေါက်များမှ ဝင်ရောက်၊ ထွက်ခွာ၍ လည်ပတ်နိုင်ရေး၊ e-Visa နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ခရီးစဉ်ဒေသအသစ်များ အကြောင်း၊ မြန်မာနိုင်ငံ တောင်ပိုင်း မြိတ်ကျွန်းစု ဒေသတွင် e-Visa နှင့်ပတ်သက်သည့် အချက်အလက်များကို ပြပွဲခန်းမရှိ Information Counter ၌ စိတ်ဝင်စားစွာ လာရောက်မေးမြန်း ခဲ့ကြသည်။
မြန်မာနိုင်ငံပြခန်း သတင်းအချက်အလက် ကောင်တာတွင်လည်း ခရီးသွား ဧည့်သည် အများအပြား သွားရောက် လည်ပတ်လေ့ရှိသည့် ဒေသများအကြောင်း၊ မြန်မာနိုင်ငံမြေပုံ နှင့် အချက်အလက် ဖြန့်ဝေခြင်းများ ပြုလုပ်ထားသည်။
နိုဝင်ဘာ ၃ ရက် ညနေ ၄ နာရီမှ ၅ နာရီ အထိ Myanmar, let the journey begin ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲ ကျင်းပ ရာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြတ်ကျော်နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းမှ ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာတို့က ၂ဝ၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည်ရောက်ရှိမှု အခြေအနေ၊ လက်ရှိ ဆောင်ရွက်လျက်ရှိသော ခရီးစဉ်ဒေသများ အကြောင်း၊ လေကြောင်းလိုင်းသစ်များ အကြောင်းနှင့် တိုးချဲ့လာသော နိုင်ငံတကာ ဟိုတယ်များ အကြောင်းအား ရှင်းလင်းပြောကြားသည်။ တက်ရောက်လာကြသော စာနယ်ဇင်း မီဒီယာများမှလည်း မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသအသစ် ဖြစ်သော ကယားပြည်နယ် အကြောင်းနှင့် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေများကိုလည်း စိတ်ဝင်စားစွာ ဆွေးနွေးမေးမြန်းခဲ့ကြသည်။
နိုဝင်ဘာ ၄ ရက် ညနေပိုင်းတွင် မြန်မာပြခန်းမှ Wine Evening အခမ်းအနား ကျင်းပခဲ့ရာ မီဒီယာ၊ ခရီးသွားလုပ်ငန်းမှ မိတ်ဆွေများ စုစုပေါင်းလူဦးရေ ၂ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။
World Travel Market 2016 ကို ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

Credit To >>> Myanmar Breaking News 

0 comments:

Post a Comment