4.12.15

ပါလီမန်က ခွင့်ပြုခဲ့ပြီးနောက် ဗြိတိန်က ဆီးရီးယားတွင် လေကြောင်း တိုက်ခိုက်မှု စတင်


ဆီးရီးယားတွင် အမေရိကန် ဦးဆောင်သော လေကြောင်း တိုက်ခိုက်မှု၌ ပါဝင်ရန် ပါလီမန်၌ မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ပြီးနောက် ဗြိတိန်သည် ဒီဇင်ဘာ ၃ ရက်က ဆီးရီးယားတွင် IS တို့ ထိန်းချုပ်ထားသော ရေနံတွင်း တစ်ခုအား လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။
ဆိုက်ပရပ်တွင် အခြေစိုက်သော ဗြိတိန် လေတပ် လေယာဉ်များသည် ဆီးရီးယားတွင် ပထမဆုံး လေကြောင်း ထိုးစစ် ဆောင်ရွက်ခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

တော်နေးဒိုး တိုက်လေယာဉ် လေးစင်းသည် ဆီးရီးယား အရှေ့ပိုင်းရှိ ရေနံတွင်းမှ ပစ်မှတ်ခြောက်ခုအား တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနက ပြောခဲ့သည်။

ဆီးရီးယားတွင် စစ်ရေးအရ အရေးယူမှု၌ ပါဝင်ရန် ပါလီမန်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ဥပဒေပြုအမတ် ၃၉၇ ဦးက ထောက်ခံခဲ့ပြီး ၂၂၃ ဦးက ယင်းဆုံးဖြတ်ချက်အား ကန့်ကွက်ခဲ့သည်။

အောက်လွှတ်တော်တွင် အနိုင်ရခဲ့မှုကို ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ကြိုဆိုခဲ့ပြီး ပိုမို ကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် စစ်ရေးအရ အရေးယူခြင်းသည် ဗြိတိန်ကို လုံခြုံစေရန် မှန်ကန်သော ဆုံးဖြတ်ချက်ဟု ပြောကြားခဲ့သည်။ ၁၀ နာရီကြာ ပါလီမန် အကျိတ်အနယ် ဆွေးနွေးပွဲ အပြီးနောက် အဓိက အတိုက်အခံ လေဘာပါတီ အပါအ၀င် ပါတီအားလုံးမှ အမတ်များက ဆီးရီးယား စစ်ပွဲ၌ ပူးပေါင်း ပါဝင်ရေးအတွက် မဲခွဲ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ဗြိတိန်သည် အီရတ်ရှိ IS ပစ်မှတ်များကို တိုက်ခိုက်နေသော အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်း စစ်ဆင်ရေး၌ တော်နေးဒိုး တိုက်လေယာဉ် ရှစ်စင်း စေလွှတ်ထားပြီး ဖြစ်သည်။ အီရတ်နှင့် အာဖဂန် စစ်ပွဲတွင် မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် ဗြိတိန်တို့သည် မကြာသေးခင် နှစ်များအတွင်း၌ နိုင်ငံရပ်ခြား ပဋိပက္ခများတွင် ပူးပေါင်း ပါဝင်ရန် စိုးရိမ်နေကြသည်။

ဆီးရီးယား ပဋိပက္ခကို ဖြေရှင်းရန် သံတမန်ရေး ကြိုးပမ်းမှုနှင့်အတူ လေကြောင်း တိုက်ခိုက်မှုကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၀န်ကြီးချုပ် ကင်မရွန်းက ကတိပြုထားသည်။ ရုရှား၊ အမေရိကန်၊ ဆော်ဒီ၊ အာရေးဗျ၊ အီရန် အပါအ၀င် ကမ္ဘာ့နိုင်ငံ ၁၇ နိုင်ငံသည် ပြီးခဲ့သည့်လက ဗီယင်နာ၌ ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ ခြောက်လအတွင်း အသွင်ကူးပြောင်းရေး အစိုးရ ဖွဲ့စည်းပြီး တစ်နှစ် အကြာတွင် ရွေးကောက်ပွဲ ကျင်းပရန် ယင်းဆွေးနွေးပွဲက ရည်မှန်းချက် ချခဲ့သည်။

Credit To. >>> Eleven Media Group

0 comments:

Post a Comment