11.1.16

CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး အမည်ပေါက်ဖြင့် လုပ်ပိုင်ခွင့် ရယူထားသည့် တောင်ငူမြို့နယ် နဂါးမောက် ကျေးရွာအုပ်စုမှ စိုက်ပျိုးမြေများအား ပြန်လည်စွန့်လွှတ်ရန် လုပ်ဆောင်နေပြီး လယ်သမားပါတီ ကြားဝင်ဆောင်ရွက်နေပါက လက်ခံမည် မဟုတ်ကြောင်း ဒေသခံများ ပြောကြား


ကောင်းမြန်မာအောင် ကုမ္ပဏီမှ CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေး အမည်ပေါက်ဖြင့် လုပ်ပိုင်ခွင့် ရယူထားသည့် တောင်ငူမြို့နယ် နဂါးမောက် ကျေးရွာအုပ်စု စိုက်ပျိုးမြေများကို ပြန်လည် စွန့်လွှတ်ပေးရန် လုပ်ဆောင်နေသည်ဟု သိရပြီး လယ်သမားပါတီက ကြားဝင်ဆောင်ရွက်နေပါက လက်ခံမည် မဟုတ်ကြောင်း ဒေသခံများက ပြောကြားသည်။


“သူတို့ စွန့်လွှတ်မယ်ဆိုတဲ့ ပုံစံက ကွဲလွဲမှုတွေ ရှိနေတယ်။ ကျွန်တော်တို့ မြေတွေကို လုပ်ပိုင်ခွင့် အမည်ပေါက် လျှောက်ထားတာက CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးလေ။ အခု စွန့်လွှတ်မယ်ဆိုပြီး စာထုတ်တာက သူ့ရဲ့ဝန်ထမ်း။ ဒါကျတော့ တရားမ၀င်ဘူးလို့ ထင်တယ်။ စွန့်လွှတ်ပေးမယ်ဆိုရင် ဦးခင်မောင်အေး ကိုယ်တိုင်က သူ့အမည်ပေါက်နဲ့ လုပ်ပိုင်ခွင့် ယူထားတာကို သက်ဆိုင်ရာတွေမှာ တရားဝင် စွန့်လွှတ်ကြောင်း ကြေညာပေးဖို့ လိုနေတယ်။ ပြီးတော့ ကျွန်တော်တို့ မြေတွေကို ဦးခင်မောင်အေးက ပြန်ပြီးစွန့်လွှတ်ဖို့ လုပ်တဲ့နေရာမှာ တောင်ငူမြို့နယ် လယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီဝင်တွေက ကြားခံဆောင်ရွက်ပေးဖို့ မလိုအပ်ဘူး။ လက်လည်း မခံပါဘူး။ ဒေသခံ အများစုက လယ်သမားပါတီကို အလိုလည်း မရှိဘူး။ သူတို့က ကြားဝင်ဆောင်ရွက်မယ် ဆိုရင်လည်း သဘောမတူနိုင်ပါဘူး။ ဒါကြောင့် မြေတွေကို စွန့်လွှတ်ဖို့ လုပ်ဆောင်တယ်ဆိုရင် ဦးခင်မောင်အေးကပဲဖြစ်ဖြစ်၊ သူ့ရဲ့ကုမ္ပဏီ တာဝန်ရှိသူတွေပဲဖြစ်ဖြစ် ဒေသခံတွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး လုပ်ဖို့ပဲလိုပါတယ်” ဟု မြေဧက ၈၀ နီးပါး အသိမ်းခံရသည့် ကိုစောခါဖောက ပြောကြားသည်။

“ဧက၂၄၀၀ ထဲမှာ ၅၁၁ ဒသမ ၃၈ ဧကကို စိုက်ထားပြီးသားဖြစ်တဲ့လို့ ကျန်တဲ့ဟာတွေကို စွန့်လွှတ်ဖို့ လုပ်ထားတယ်။ လူတွေသိအောင် ဆိုပြီးတော့ ဇန်န၀ါရီ ၂ ရက် ရက်စွဲနဲ့ စာထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ တကယ်တမ်း စွန့်လွှတ်ဖို့ကတော့ ဦးခင်မောင်အေးကိုယ်တိုင် မြေလွတ်မြေလပ်နှင့် မြေရိုင်းကော်မတီကို စာရေးရမှာပါ။ အဲဒါကို ဒီနေ့ လုပ်ပေးပါမယ်။ လက်ရှိ တရားရုံးမှာ တရားစွဲထားတာ ခြောက်မှုပေါ့ အားလုံး ၁၁ ဦးလား မသိဘူး။ အဲဒါနဲ့ ပတ်သက်ပြီး ပြန်ရုပ်သိမ်းပေးဖို့ ဆောင်ရွက်နေပါတယ်။ သုံးဦးကတော့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ အကျိုးဖျက်ဆီးမှုပါနေလို့ အခုလောလောဆယ် အမှုရုပ်သိမ်းပေးဖို့ မရှိသေးဘူး။ ဒါကတော့ ဥက္ကဋ္ဌရဲ့ သဘောထားပေါ့” ဟု ကောင်းမြန်မာအောင် ကုမ္ပဏီ၏ လက်ထောက် အထွေထွေ မန်နေဂျာ ဦးသောင်းညွန့်က ဇန်န၀ါရီ ၉ ရက် နံနက်ပိုင်းက ပြောကြားသည်။

“သူတို့ ကုမ္ပဏီက စိုက်ပျိုးပြီးတဲ့ မြေတွေကိုဖယ်ပြီး စွန့်လွှတ်ပေးမယ်လို့တော့ ကြားတယ်။ ကျွန်တော်တို့ဆီကိုတော့ တရားဝင် အကြောင်းကြားစာ မရောက်သေးဘူး။ သူတို့ စိုက်ပျိုးပြီးပြီဆိုတဲ့ မြေတွေက ဘာတွေလဲဆိုတာ မြေစာရင်းက သေချာတိုင်းတာပြီးမှ မြေပုံပေါ်ကြည့်ပြီး ကျွန်တော်တို့ မြေတွေမပါဘူးဆိုမှ အဲဒီစိုက်ပျိုးပြီးတဲ့ မြေဆိုတာကို ကျွန်တော်တို့ လက်ခံမယ်။ သူတို့ စိုက်ပျိုးပြီးလို့ပြောတဲ့ မြေဧက ၅၀၀ ကျော်ထဲမှာ ကျွန်တော်တို့ ဒေသခံတွေ သဘောမတူဘဲ စိုက်ထားတဲ့ မြေတွေ၊ လျော်ကြေးပေးတာ အကုန်မရသေးတဲ့မြေတွေ ရှိသေးတယ်။ ဒါကြောင့် စိုက်ပြီးပြီဆိုတဲ့ မြေတွေကို မြေစာရင်းကနေ မြေပုံထုတ်ပြီး တိုင်းတာပေးဖို့လိုတယ်။ ပြန်ပြီးတော့ စွန့်လွှတ်ပေးတယ်ဆိုရင်လည်း ဦးခင်မောင်အေးက သူကိုယ်တိုင် တရားဝင် စွန့်လွှတ်ကြောင်း အထောက်အထားတွေ လုပ်ပေးဖို့ လိုပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ စိုက်ပျိုးမြေတွေထဲမှာ ကုမ္ပဏီက ဆိုင်းဘုတ် စိုက်ထားတာ၊ အမှတ်အသား လုပ်ထားတာတွေ မှန်သမျှကိုလည်း အမြန်ဆုံး ဖယ်ရှားပေးပြီးမှ သူတို့ဘက်က အမှန်တစ်ကယ် စွန့်လွှတ်ပေးတယ် ဆိုတာကို ကျွန်တော်တို့ ယုံကြည်လို့ရမှာပါ” ဟု ကောင်းမြန်မာအောင် ကုမ္ပဏီ၏ အမှုဖွင့် အရေးယူ ခံထားရသူ ဦးကျော်ငွေက ပြောကြားသည်။
Credit to >>> Eleven Media Group

0 comments:

Post a Comment