18.2.16

အစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်နှင့် မြန်မာဝမ်ပေါင်တို့အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်အထိ ရရှိမည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းထုတ်လုပ်မှု ယခုနှစ် မေလခန့် စတင်မည်


မြန်မာနိုင်ငံအစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်နှင့် မြန်မာဝမ်ပေါင်တို့အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်အထိ ရရှိနေမည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ကြေးနီထုတ်လုပ်မှုအား ယခုနှစ် မေလခန့် စတင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း စီမံကိန်းအား အဓိကလုပ်ဆောင်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Dong Yunfei က ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားသည်။

“လတ်တလောမှာ တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်နေဆဲပါ။ ကြေးနီထုတ်လုပ်မှု လုပ်ငန်းတွေ ဘယ်တော့လောက် စထုတ်မလဲဆိုတာကတော့ လောလောဆယ် အတိအကျပြောလို့ မရသေးပေမယ့် မေလလောက်မှာ စတင်ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်” ဟု Mr. Dong Yunfei က ဆိုသည်။

လက်ပံတောင်းတောင် စီမံကိန်းအတွက် သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုမိန့်အမှတ် ၀၀၀၃/၂၀၁၀ ဖြင့် ဓာတ်သတ္တုအကြီးစား တူးဖော်ထုတ်လုပ်ခွင့် ရရှိထားပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာမှ စတင်၍ နှစ် ၆၀ မြေငှားရမ်းခွင့် ရရှိထားပြီးဖြစ်ကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ အပိုဒ် ၅၂ တွင် ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၀ ပြည့်နှစ် မေ ၅ ရက် ရက်စွဲပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့် အမှတ် ၄၃၈/၂၀၁၀ ကို ရရှိထားသည်။

လက်ပံတောင်းတောင် စီမံကိန်းအား မြန်မာဝမ်ပေါင်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်တို့ အကျိုးတူ လုပ်ဆောင်နေသည်ဆိုသော်လည်း အဓိကလုပ်ကိုင်မှုနှင့် ငွေကြေးအားလုံး ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီမှာ မြန်မာဝမ်ပေါင်ကုမ္ပဏီ ဖြစ်သည်။ အဆိုပါစီမံကိန်းအတွက် ၀မ်ပေါင်သတ္တုတွင်းကုမ္ပဏီက မြန်မာဝမ်ပေါင်ကုမ္ပဏီသည် စီမံကိန်းအား ရင်းနှီးမြှုပ်နှံရမည့် ပမာဏဖြစ်သည့် အမေရိကန်ဒေါ်လာ ၉၉၇ သန်းကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံ၍ လုပ်ဆောင်မည်ဖြစ်ကြောင်း ပဏ္ဍိတဖွံ့ဖြိုးရေး အင်စတီကျု၏ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း တာဝန်သိ ရင်းနှီးမြှုပ်နှံမှုအစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ အမေရိကန်ဒေါ်လာ ၉၉၇သန်းကို ရာနှုန်းပြည့် မြှုပ်နှံနိုင်ရန် နိုင်ငံခြားဘဏ်မှ တစ်ဆင့် စီမံကိန်းကုန်ကျစရိတ်အတွက် အမေရိကန်ဒေါ်လာ တစ်ဘီလျံ ချေးယူထားပြီး လက်ရှိ စီမံကိန်း မလည်ပတ်နိုင်မီ ကာလတွင် အမေရိကန်ဒေါ်လာ တစ်သန်းခန့်အား အတိုးငွေအဖြစ် လစဉ်ပြန်လည်ပေးဆပ်နေရကြောင်း မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး Mr. Geng Yi က Eleven Media Group ၏ မေးမြန်းမှုအပေါ် ဖြေကြားထားသည်။

လက်ပံတောင်းတောင် စီမံကိန်း၏ မိုင်းသက်တမ်း နှစ် ၃၀ အတွင်း ခန့်မှန်း တန်ချိန် ၁ ဘီလျံရှိ ကြေးနီများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စွန့်ပစ်ကျောက်များ ဖယ်ရှားမှုအချိုး ၀ ဒသမ ၉၉ ဖြစ်သဖြင့် စွန့်ပစ်ကျောက် တန် တစ်ဘီလျံခန့် ထွက်ရှိလာမည်ဖြစ်ကြောင်း မြန်မာဝမ်ပေါင်၏ အကြံပေးကုမ္ပဏီအဖြစ် ငှားရမ်းထားသည့် Knight Pie'sold ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအခြေစိုက် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီသတ္တုတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ စွန့်ပစ်ကျောက်များမှ ဖြစ်ပေါ်လာသော သတ္တုဓာတ်ပါဝင်သည့် အက်စစ်ပျော်ရည်သည် စီမံကိန်းဧရိယာ၏ မြေပေါ်နှင့် မြေအောက်ရေတို့အား ပတ်ဝန်းကျင်ဆိုင်ရာ အလွန်အမင်းဆိုးရွားသော အန္တရာယ်တစ်ခု ဖြစ်လာစေနိုင်သည်။ ထို့အပြင် စီမံကိန်းဧရိယာမှ ထွက်ရှိလာနိုင်ဖွယ်ရှိသော ရေသည်လည်း အန္တရာယ်ဖြစ်စေနိုင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေယာလျော်ကြေးအဖြစ် ဒေသခံများကို မြန်မာဝမ်ပေါင်က အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ပေးလျော်ထားပြီး ထိုသို့ပေးလျော်ထားမှုမှာ လက်ပံတောင်းတောင် စီမံကိန်းမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ကို နှစ်ပေါင်း ၃၀ အထိ နှစ်စဉ်ရရှိ၍ စီမံကိန်း ပထမကာလမှာပင် အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ ခန့် ရရှိနေသည့် အစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်နှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့၏ အကျိုးအမြတ်များနှင့် နှိုင်းယှဉ်မည်ဆိုပါက အဆမတန် နည်းပါးနေသည်ဟု ဝေဖန်မှုများ ရှိနေသည်။ ထို့ပြင် အဆိုပါစီမံကိန်း ဧရိယာအတွင်း ပါဝင်နေသည်ဟုဆိုကာ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ဒေသခံများ၏ လယ်မြေများကို ခြံစည်းရိုးခတ်နေခြင်းများနှင့် ပတ်သက်၍လည်း ဒေသခံပြည်သူများက ဆန္ဒဖော်ထုတ်မှုများနှင့် ကျိန်စာတိုက်မှုများ ပြုလုပ်နေဆဲစီမံကိန်း ဖြစ်နေသည်။

လက်ပံတောင်းတောင်စီမံကိန်းအား စတင်လုပ်ဆောင်စဉ် အချိန်က မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီတို့က အကျိုးအမြတ်များစွာ ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် အကျိုးအမြတ်ရရှိမှုမှာ နည်းပါးနေသဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်အရ စာချုပ်ပြန်လည် ချုပ်ဆိုပြီးနောက် မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင်က ၁၉ ရာခိုင်နှုန်းနှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီက ရာခိုင်နှုန်း ၃၀ ခွဲဝေရယူမည် ဖြစ်သည်။ စာချုပ်အရ မြန်မာအစိုးရက နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ရရှိနေမည်ဖြစ်ကြောင်း Mr. Geng Yi ဖြေကြားထားသည်။

မြန်မာအစိုးရအနေနှင့် ထိုသို့ သန်း ၁၀၀ ကျော် ရရှိနေမည့်အပြင် ဒေသခံလူထုက နှစ်စဉ်ရရှိနေမည့် အမေရိကန်ဒေါ်လာ သန်း ၂၀ နှင့် ညီမျှသည့် ပစ္စည်း၊ ၀န်ဆောင်မှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပါဝင်မှု မရှိသေးသည့်အပြင် ကြေးနီသတ္တုထုတ်လုပ်သည့် ကာလ၌ ဆိုပါက တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၁၈၀ ခန့် အစိုးရနှင့် ပြည်သူလူထုက ခံစားရမည်ဖြစ်ကြောင်း မြန်မာဝမ်ပေါင်၏ ရွေးချယ်မှုအရ အစီရင်ခံစာ ရေးဆွဲခဲ့သည့် Knight Pie'sold ၏ ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်ခြင်းဆိုင်ရာ ဆန်းစစ်ခြင်းအစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ အကျိုးအမြတ်ခွဲဝေ တွက်ချက်မှုအရ မြန်မာဝမ်ပေါင်ကုမ္ပဏီသည် ကြေးနီထုတ်လုပ်မှုမှ အကျိုးအမြတ်ခွဲဝေရာတွင် ရာခိုင်နှုန်း ၃၀ ရယူမည်ဖြစ်သဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၆၀ ခန့် စီမံကိန်း လုပ်ကိုင်နေသည့် ကာလတစ်လျှောက် (ကနဦး မိုင်းသက်တမ်း နှစ် ၃၀ သတ်မှတ်ထားသော်လည်း နှစ် ၆၀ အထိ မြေငှားရမ်းခွင့် ရရှိထား) အကျိုးအမြတ်ရရှိနေမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ အကျိုးအမြတ် ခွဲဝေမှုများအရ မြန်မာ့စီးပွားရေး ဦးပိုင်သည် နှစ်စဉ် အမေရိကန် ဒေါ်လာသန်း ၄၀ ကျော်အား စီမံကိန်းလုပ်ဆောင်နေသည့် ကာလတစ်လျှောက် အကျိုးအမြတ် ရရှိနေမည်ဖြစ်သည်။ အဆိုပါ အချိုးကျခွဲဝေမှုများကို စုပေါင်းတွက်ချက်မည်ဆိုပါက စီမံကိန်း စတင်လုပ်ဆောင်သည့် ကနဦးနှစ် ၃၀ အတွက်ပင် အစိုးရ၊ ဦးပိုင်နှင့် မြန်မာဝမ်ပေါင်တို့က အမေရိကန်ဒေါ်လာသန်း ၆၀၀၀ ခန့် ရရှိနေမည်ဖြစ်ကာ မြေငှားရမ်းလုပ်ပိုင်ခွင့် သက်တမ်း နှစ် ၆၀ ခွင့်ပြုထားပြီး ဖြစ်သဖြင့် လုပ်ကိုင်ခွင့်သက်တမ်း ထပ်မံတိုးမြှင့်မည်ဆိုပါက အစိုးရ၊ ဦးပိုင်နှင့် ၀မ်ပေါင်တို့အတွက် အမေရိကန် ဒေါ်လာသန်း ၆၀၀၀ ၏ နှစ်ဆခန့်ဖြစ်သည့် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၂၀၀၀ ခန့်ကိုပင် ရရှိနိုင်မည် ဖြစ်သည်။

ထိုသို့ အစိုးရ၊ ဦးပိုင်နှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့၏ အကျိုးအမြတ်ခွဲဝေမှု အများအပြားရရှိနေသော်လည်း ဒေသခံများမှာမူ တစ်ဧက လျှင် ကျပ် ၁၅ သိန်းမှ ကျပ်သိန်း ၃၀ အကြားသာ လျော်ကြေးပေးလျော်ထားသည့်အပြင် အဆိုပါ လျော်ကြေးများမှာ ဒေသခံများကို မြန်မာဝမ်ပေါင်က သုံးကြိမ်တိုင် ပေးလျော်ပြီးမှ ရောက်ရှိလာသည့်အနေအထားသာဖြစ်ကြောင်း သိရသည်။

Credit To >>>> Eleven Media Group

0 comments:

Post a Comment