18.2.16

UNFC အရေးပေါ်အစည်းအဝေး ချင်းမိုင်တွင်ပြုလုပ်

ညီညွတ်သော တိုင်းရင်းသားလူမျိုးမျာ ဖက်ဒရယ်ကောင်စီ(UNFC)၏ အရေးပေါ် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်က စတင်ကျင်းပနေပြီ ဖြစ်သည်။

ယခုအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ အကျပ်အတည်း ဖြစ်နေသည့် အချိန်ဖြစ်၍ ယခုအစည်းအဝေးမှ အဖြေကောင်းများ ရရှိရေးအတွက် လေးလေး နက်နက် ဆွေးနွေးကြပါရန် ယနေ့ အစည်းအဝေးတွင် UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းထားသည်။

“ဒီအချိန်မှာ ကျနော်တို့ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရဲ့ အကျပ်အတည်းတော်တော်များများ ရှိနေတာကို တွေ့နေရမှာဖြစ်ပါတယ်။ ဒီနေ့အစည်းအဝေးမှာဆိုရင် အဖွဲ့ဝင်အသီးသီး လက်ရှည်လက်ရှည်စွာနဲ့ အဖြေကောင်း၊ ရရှိရေးအတွက်လည်း အရေးတကြီး ဆွေးနွေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ကြွရောက်လာကြတဲ့ ကိုယ်စားလှယ်တော်များ ဆွေးနွေပွဲလုပ်ရာမှာ ပေါ့ပေါ့ဆဆ သဘော မထားဘဲနဲ့ လေးလေးနက်နက် စဉ်းစားပြီးတော့ ဆွေးနွေးပေးကြဖို့ တိုက်တွန်းလိုပါတယ်”ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

UNFC ၏ လုပ်ငန်းများတွင် အောင်မြင်မှုများ ရှိသလို၊ မှားယွင်းမှုများလည်း တွေ့ရှိရသဖြင့် ထပ်မံ မှားယွင်းမှုမရှိစေရေးအတွက် လေးလေးနက်နက် ပါဝင် ဆွေးနွေးသွားကြရန် တိုက်တွန်းထားသည်။

“ကျနော်တို့ဟာ ကိုယ့်လူမျိုးကိုယ့်ရဲ့ နိုင်ငံအတွက် လုပ်ဆောင်နေခြင်း ဖြစ်တယ်။ ကျနော်တို့လုပ်တာ မှားတာနဲ့ ကိုယ့်လူမျိုး အများကြီး ထိခိုက်နိုင်တယ်။ ကိုယ့်နိုင်ငံ အများကြီးထိခိုက်နိုင်တယ်ဆိုတာကို အမြဲတမ်းသတိပြုကြဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ မှားယွင်းမှု ရှိပေမဲ့လည်း အနည်းဆုံးဖြစ်အောင် ကြိုးစားရမှာ ဖြစ်တယ်။ ဒါတွေကို သဘောမထားဘဲ ဖြစ်စလွယ်ဆွေးနွေးသွားလို့ ရှိရင် ကျနော်တို့ မျော်မှန်းချက်ဘက်ကို မသွားဘဲနဲ့ အမှားဘက် ဆုံးရှုံးမှုဘက်ကို ဦးတည်သွားနိုင်တယ်။ ဒါကိုလည်း လက်တွေ့ခံစားနေရပြီးသားဖြစ်ပါတယ်”ဟု ထည့်သွင်းပြောဆိုထားသည်။

ထိုအစည်းအဝေးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည် ဖြစ်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် တအာင်းအမျိုးသားလွှတ်မြောက်ရေး တပ်မတော်(TNLA)တို့ တိုက်ပွဲ ဖြစ်ပွားနေမှုကိုလည်းထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

UNFC က ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဌ နိုင်ဟံသာ တို့ အပါအဝင် အဖွဲ့ဝင် ကိုယ်စားလှယ် ၄၀ ဦးနှင့် လေ့လာသူများလည်း တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။


Credit To >>> Mizzima

0 comments:

Post a Comment