25.2.16

မန္တလေးမြို့ လမ်းမများပေါ်တွင် တောင်းရမ်းနေသူများအား ဖမ်းဆီးပြီး ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် အမိန့်ချမှတ်



မန္တလေးမြို့ လမ်းဆုံလမ်းခွများ၊ လမ်းမများပေါ်တွင် သွားလာနေသည့် ယာဉ်များအနီးတွင် အများပြည်သူ စိတ်အနှောင့်ယှက် ဖြစ်စေရန်ထိ တောင်းရမ်းစားသောက်နေသူ ကိုးဦးကို ဖမ်းဆီးပြီး ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် ချမ်းအေးသာစံမြို့နယ် တရားရုံးမှ ဖေဖော်ဝါရီ ၂၄ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

၇၈ လမ်းနှင့် ၃၁ လမ်းထောင့်တွင် တောင်းရမ်းနေသူ ငါးဦး၊ ၃၅ လမ်းနှင့် ၇၉ လမ်းထောင့်တွင် နှစ်ဦး၊ ၇၇ လမ်းနှင့် လမ်း ၃၀ တွင် နှစ်ဦး စုစုပေါင်း ကိုးဦးသည် အများပြည်သူ စိတ်အနှောင့်ယှက်ဖြစ်အောင် တောင်းရမ်းစားသောက်နေသဖြင့် ချမ်းအေးသာစံမြို့နယ် အတွင်းရှိ အမှတ် (၈) ရဲစခန်းမှ ရဲအရာရှိများက ဖမ်းဆီးကာ ရဲအက်(၄၀)ဖြင့် အမှုဖွင့်ပြီး တရားစွဲတင်ခဲ့ကြောင်း၊ တရားသူကြီးက ထိုသူ ကိုးဦးကို အများပြည်သူ စိတ်အနှောင့်ယှက် ဖြစ်စေရန် တောင်းရမ်းစားသောက်နေသည်ကို ၀န်ခံပါသလားဟု မေးမြန်းခဲ့ရာ ၀န်ခံခဲ့သဖြင့် ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော နှစ်များကလည်း တောင်းရမ်းစားသောက်သူများ အပါအ၀င် လေလွင့်နေသူများ ပပျောက်ရေး စီမံချက်ဖြင့် ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း၊ သို့သော် စီမံချက် ရှိချိန်တွင်သာ ဖမ်းဆီးပြီး လွတ်မြောက်လာပါက တောင်းရမ်းမှုများ ပြန်လည်ပြုလုပ်လေ့ ရှိကြောင်း၊ တောင်းရမ်းသူများသည် ယာဉ်အန္တရာယ်ကို ဂရုစိုက်ခြင်း မရှိဘဲ အုပ်စုဖွဲ့ တောင်းရမ်းမှုများ ပိုမိုများပြားလာကြောင်း၊ အမျိုးသမီးများ အနေဖြင့် ရင်ခွင်ပိုက်အရွယ် နို့စို့ကလေး အရွယ်များကိုပင် ငှားရမ်းကာ တောင်းရမ်းမှုများထိ ရှိလာကြောင်း၊ ခြေလက်အင်္ဂါ ကောင်းမွန်သော ကလေး၊ လူငယ်များလည်း တောင်းရမ်းမှုများ ရှိနေကြောင်း သိရသည်။

Credit To >>>> Eleven Media Group

0 comments:

Post a Comment