26.2.16

လာမည့်မေလတွင် လက်ပံတောင်းတောင်၌ ကြေးနီ စတင်ထုတ်လုပ်မည်

၂၀၁၃ ခုနှစ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်စစ်ဆေးခဲ့စဉ်။ အေအက်ဖ်ပီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီ
စီမံကိန်းမှာ အငြင်းပွားဖွယ်သတ္တုတူးဖော်ရေး စီမံကိန်းတစ်ခုအဖြစ် ကန့်ကွက်မှုများရှိနေဆဲ
ဖြစ်သော်လည်း လာမည့်မေလတွင် ကြေးနီ ထုတ်လုပ်မှု စတင်သွားမည် ဖြစ်သည်ဟု မြန်မာ
ဝမ်ပေါင်ကုမ္ပဏီ ရန်ကုန်ရုံး စီမံခန့်ခွဲ ရေးမန်နေဂျာ ဦးမြင့်သိန်းက ပြောသည်။

လက်ပံတောင်းတောင်စီမံကိန်း တစ်ခုလုံး အတွက် တည်ဆောက်ရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိရာ ကြေးနီများ ထုတ်လုပ် ရန် လိုအပ်သော ကြေးနီထုတ်လုပ်မှုစက်ရုံ နှင့်
ဂိုဒေါင်များ၊ မိုင်းအိုးထားရှိရန်နေရာ များနှင့် အသုံးအဆောင် အပိုပစ္စည်းများထားရှိရန် အဆောက်
အအုံများကို လာမည့် မေ ၄ ရက်တွင် အပြီးသတ် ဆောက်လုပ်သွားရန် စီစဉ်ထားသည်ဟုလည်း
၎င်းကပြောသည်။
"ကြေးနီထုတ်ဖို့ ကြိုးစားနေပါတယ်။ တည်ဆောက်ရေးပြီးတာနဲ့ ကြေးနီထုတ်မှာပါ။ ကြေးနီ
စထုတ်မယ်ဆိုရင် အစိုးရသစ် အတွက် ကောင်းတဲ့ကိစ္စတစ်ခုဖြစ်တယ်လို့ ယူဆတယ်"ဟု
ဦးမြင့်သိန်းက ပြောသည်။
သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့အကြား
ချုပ်ဆိုထားခဲ့သော ထုတ်လုပ်မှု အပေါ် ခွဲဝေရေးစာချုပ်ကို ၂၀၁၃ ခုနှစ်တွင် ပြန်လည်ပြင်ဆင်ခဲ့ရာ
စီမံကိန်း အကျိုး ခံစားခွင့်ကို နိုင်ငံတော်က ၅၁ ရာခိုင်နှုန်း၊ ၀မ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းနှင့်
မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်က ၁၉ ရာခိုင်နှုန်းစီ ရရှိမည်ဖြစ်သည်။ အငြင်းပွားဖွယ်ရာ
လက်ပံတောင်းတောင် စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည့်နည်းတူ ပဋိပက္ခများ
လည်း ဖြစ်ပေါ်ခဲ့သည်။
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေအတွင်း
သပိတ်စခန်းဖွင့်လှစ် ကာ ဆန္ဒပြတောင်းဆိုနေသည့် သံဃာများကို သက်ဆိုင်ရာက မီးလောင်
ဗုံးဖြင့် ဖြိုခွင်း ခဲ့သည့်နည်းတူ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ တွင်လည်း စီမံကိန်းဧရိယာအဖြစ်
မြန်မာ ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးချဲ့ထွင်ခဲ့ရာတွင် ပဋိပက္ခဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ပစ်ခတ်မှု
ကြောင့် မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း အခင်းဖြစ်နေရာ၌ပင် သေဆုံးခဲ့ရသည်။
၂၀၁၀ ပြည့်နှစ်၊ မေလက စတင်ခဲ့သော ယင်း စီမံကိန်းသည် ဒေသခံများ ဆန္ဒပြမှုများ ကြောင့်
၂၀၁၂ ခုနှစ်ထဲတွင် နှစ်ကြိမ်တိုင် ရပ်နားခဲ့ရသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နှင့်
စပ်လျဉ်း၍ ဆက်လက်လုပ်ကိုင်ခွင့် ပြုရန် သင့်၊ မသင့် စုံစမ်းစစ်းဆေးနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ်၊ မတ်လတွင် စီမံကိန်းနှင့်
ပတ်သက်သော အစီရင်ခံစာထုတ်ပြန်ခဲ့သည်။ စီမံကိန်းကို လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတော်၊
ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်တို့အတွက် အကျိုး ရှိ၊ မရှိ စိစစ်သုံးသပ်ရာတွင် စီးပွားရေး
ရှုထောင့်က အကျိုးရှိစွာလုပ်ဆောင်သင့် သည်ဟု အစီရင်ခံစာက သုံးသပ်ခဲ့သည်။ အဆိုပါအစီ
ရင်ခံစာ ထွက်ရှိလာပြီးနောက် လက်ပံတောင်းတောင်စီမံကိန်းကို ၀မ်ပေါင်ကုမ္ပဏီက ပြန်လည်စတင်
လုပ်ကိုင်ခဲ့သည်။
သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ထိခိုက် မှုမရှိအောင် ဩစတြေးလျအခြေစိုက်ကုမ္ပဏီ တစ်ခုကို
နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး အစီအစဉ်နှင့်
စံချိန်စံညွှန်းများ အကောင် အထည်ဖော်ရန် ဆောင်ရွက်နေပြီး တည် ဆောက်ရေးကာလ အတွင်း၌
လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် များ ပြုလုပ်သွားမည်ဟု ဦးမြင့်သိန်းက
ပြောသည်။
"မိုင်းလုပ်ငန်းတူးမယ်ဆိုရင် သဘာဝ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှုရှိတယ်။ အဲဒါကြောင့်
အတတ်နိုင်ဆုံး လျှော့ချနိုင်အောင် ထိန်းထားတယ်။ မိုင်းကို ယမ်းနဲ့ခွဲတဲ့အခါကျရင် တစ်ခါတည်း
များများမခွဲဘဲနဲ့ အကြိမ်ရေများစွာနဲ့ ခွဲပြီးတော့လုပ်ဖို့ အစီ အစဉ်ရှိတယ်။ ယမ်းခွဲတဲ့အခါကျရင်
နည်းပညာနဲ့ လုပ်ဖို့ရှိတယ်။ အတတ်နိုင်ဆုံး တုန်ခါမှု လျှော့ချနိုင်အောင်၊ ထိန်းချုပ်နိုင်အောင်
လုပ်ထားတယ်။ ထွက်လာတဲ့ ဖုန်တွေ များလာရင် ဘေးပတ်ဝန်းကျင်လည်း ထိခိုက်တယ်၊ နေလို့
မကောင်းတော့ဘူး။ အဲဒီအတွက် စိမ်းလန်းစိုပြည်ရေးလည်း တစ်ပြိုင်တည်း လုပ်ဖို့ရှိတယ်"ဟု
၎င်းက ဆက်လက်ပြောသည်။
ကြေးနီတူးဖော်ရာတွင် အသုံးပြုသည့်အက်စစ်ကို မြေအောက်ရေထဲသို့ စိမ့်ဝင်မှု မရှိအောင် ထိန်းထားမည်ဖြစ်ပြီး ကြေးနီပါ သောအက်စစ်များကို ပြင်ပသို့ စွန့်ပစ် မည် မဟုတ်ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်နေသည်များကို သက်ဆိုင်ရာ ဩစတြေးလျကုမ္ပဏီက လာရောက်ကြီးကြပ်
စစ်ဆေးမည် ဖြစ်သည့်အပြင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက လည်း အမြဲ
လာရောက်စစ်ဆေးကြီးကြပ်နေကြောင်း သိရသည်။ မြေယာဆုံးရှုံးသူများအတွက် မြေယာ
ထောက်ပံ့ကြေးပေးမည့်အပြင် အလုပ်ခန့်ထားခြင်း၊ အကယ်၍ လုပ်ကိုင်လိုခြင်းမရှိပါ က
လစဉ်အလိုက် ထောက်ပံ့ကြေးပေးရန် စီစဉ် ထားရာ လောလောဆယ် သတ်မှတ်နှုန်းထား
အရ တစ်လလျှင် အမေရိကန်ဒေါ်လာ ၇၀၊ ၁၂၀၊ ၁၆၀ ဟူ၍ သုံးမျိုးရှိပြီး လစဉ်ထောက်ပံ့
ကြေးပေးမှုကို မြေယာဆုံးရှုံးသူ ၈၀ ရာခိုင်နှုန်း က လက်ခံယူခဲ့သည်ဟု သိရသည်။ သို့သော်
မြေယာလျော်ကြေးမယူသူ ၁၀၀ ကျော်ရှိပြီး ၎င်းတို့သည် ယခုနှစ် အတွက် လွန်ခဲ့သောနှစ်လ
ကတည်းက သီးနှံ လျော်ကြေး တောင်းခံနေသော်လည်း ၀မ်ပေါင် ကုမ္ပဏီ၏ အဓိကတာဝန်ရှိ
သူများက အတွေ့ ခံခြင်း မရှိသကဲ့သို့ အကြောင်းတစ်စုံတစ်ရာ ပြန်လည်ပြောဆိုခြင်း မရှိသေးကြောင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး ရှိ တုံးရွာဒေသခံ မလဲ့က ပြောသည်။
"ရပ်ရွာဖွံ့ဖြိုးရေးကိစ္စတွေလည်း အစီရင်ခံစာအတိုင်း ဘာတစ်ခုမှ လုပ်မပေးသေးဘူး။ ဒေသခံတွေ
အတွက်လည်းအလုပ်အကိုင်၊စီးပွားရေးလုပ်ငန်းဘာမှလုပ်မပေး သေးဘူး။ မြေယာလျော်ကြေးမယူတဲ့
သူတွေက ကျေနပ်မှုမရှိသေးဘူး" ဟု ၎င်းကပြောသည်။ မြေယာလျော်ကြေးမယူသည့် ၀က်မှေးရွာဒေသ
ခံတစ်ဦးက "ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးကတော့ မြေယာလျော်ကြေးမယူရင် သီးနှံလျော်ကြေးကို ဒီနှစ်မပေးဘူးလို့ ပြောတယ်"ဟု ပြောသည်။
မြန်မာဝမ်ပေါင်သည် စီမံကိန်းလုပ်ငန်း လည်ပတ်ရန် ရင်းနှီးမြှုပ်နှံမှုများကို တာဝန် ယူရမည်ဖြစ်ပြီး
စီမံကိန်းကာလတစ်လျှောက် လူထုအကျိုးပြု ဖွံ့ဖြိုးရေး (CSR) အစီအစဉ် အတွက် နှစ်စဉ်ဒေါ်လာတစ်
သန်းနှင့် သတ္တု ထုတ်လုပ်မှု စတင်သည့်အချိန်တွင်လည်း (CSR) အတွက် အကျိုးအမြတ်မှ
နှစ်ရာခိုင်နှုန်း ကို ၀မ်ပေါင်နှင့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်တို့က နှစ်စဉ်သုံးစွဲသွားရမည်ဟု
စာချုပ်တွင် ပါရှိသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် ရင်းနှီးမြှုပ်နှံမှု 'ကန်'ဒေါ်လာ
တစ် ဘီလျံဟု ခန့်မှန်းထားသော်လည်း စက်ယန္တရား များ တင်သွင်းနေဆဲပင်ဖြစ်ရာ လက်ရှိအချိန်ထိ
ရင်းနှီးမြှုပ်နှံမှုပမာဏကို အတိအကျ မသိရှိ ရသေးဟုလည်း ဦးမြင့်သိန်းက ပြောသည်။

Credit To >>> Myanmar Times

0 comments:

Post a Comment