26.2.16

ထရမ့်၏ တံတိုင်းအစီအစဉ်ကို မက္ကဆီကို သမ္မတဟောင်း ပြင်းပြင်းထန်ထန် ဝေဖန်


မက္ကဆီကိုနှင့် အမေရိကန်ကြား နယ်နိမိတ်တွင် တံတိုင်းကာရံပြီး ယင်းအတွက် မက္ကဆီကိုက အကုန်အကျခံရမည်ဆိုသော ဒေါ်နယ်လ်ထရမ့်၏မှတ်ချက်ကို မက္ကဆီကို သမ္မတဟောင်း ဗင်းဆင့်ဖောက်စ်က ပြင်းပြင်းထန်ထန် ဝေဖန်တုံ့ပြန်သွားခဲ့သည်။

လာမည့် အမေရိကန်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန် ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ရရန် အလားအလာကောင်းနေသည့်ထရမ့်သည် အငြင်းပွားဖွယ် အဆိုများကြောင့် လူသိများလာသူ ဖြစ်သည်။ ၎င်းသည် အကြမ်းဖက်မှုကို တားဆီးရန်အတွက် အမေရိကန်သို့ မွတ်ဆလင်များ ဝင်ရောက်ခွင့်ပိတ်ပင်သင့်ကြောင်း ပြောဆိုခဲ့သလို အမေရိကန်သို့ တရားမဝင်ခိုးဝင်လာသူများကို တားဆီးရန် မက္ကဆီကိုနှင့် နယ်နိမိတ်စည်းတလျှောက်တွင် တံတိုင်းကြီးတစ်ခု တည်ဆောက်ရမည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။ မက္ကဆီကိုနိုင်ငံသားများအတွက် ပိုမို၍စိတ်ဆိုးစေမည့်အချက်မှာ ထိုတံတိုင်းအတွက် ကုန်ကျစရိတ်ကို မက္ကဆီကိုဘက်က ကျခံစေရမည်ဟု ထရမ့်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းနှင့်ပတ်သက်ပြီး ဖောက်စ်က “ကျုပ်ကတော့ ဒီ F***ing နံရံကြီးအတွက် တစ်ပြားမှ ပေးမှာ မဟုတ်ဘူး။ သူဆောက်ချင် သူ့ဖာသာသူ ပေးပေါ့” ဟု အင်တာဗျူးတစ်ခုတွင် ပြောကြားသွားသည်။ ထိုတုံ့ပြန်မှုကို မက္ကဆီကိုနိုင်ငံသားများက လူမှုကွန်ရက်များတွင် လျင်လျင်မြန်မြန်မျှဝေခဲ့ရာ ထရမ့်ထံ နားပေါက်သွားသည်။ ထိုအခါ ထရမ့်က “မက္ကဆီကို သမ္မတဟောင်း ဗင်းဆင့်ဖောက်စ်က နံရံကိစ္စဆွေးနွေးရာမှာ ဆိုးရွားလွန်းတဲ့ F ဝေါဟာရကို အသုံးပြုသွားတယ်။ ဒီအတွက် သူပြန်တောင်းပန်သင့်တယ်။ ကျုပ်သာ ဒါမျိုးပြောမိရင် အုန်းအုန်းထကုန်မှာ” ဟု Twitter တွင် ရေးသားခဲ့သည်။
ဖောက်သည် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ်ထိ မက္ကဆီကို သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းက ထရမ့်ကို ထောက်ခံခြင်းမပြုကြရန် အမေရိကန်ရှိ လက်တင်အနွယ်များကိုလည်း တိုက်တွန်းခဲ့သည်။ နီဗားဒါးရှိ ပြည်သူ့ဆန္ဒခံယူပွဲတွင် ထရမ့် အနိုင်ရခဲ့ခြင်းက လက်တင်နွယ်ဖွားများကြား ၎င်း၏လူကြိုက်များနေမှုကို သိသာစေသည်။
ဖောက်စ်က “အမေရိကန်က လက်တင်နွယ်ဖွားတွေ ကျေးဇူးပြုပြီး အမြင်ကျယ်ကြပါ။ ဒီကိစ္စဟာ ကျုပ်တို့ မျိုးနွယ်စုကို ကာကွယ်ဖို့ မဟုတ်ဘူး။ ကျုပ်တို့ရဲ့ အယူဝါဒတွေကို ကာကွယ်ဖို့ မဟုတ်ဘူး။ ခင်ဗျားတို့ ကိုယ်စားပြုနေထိုင်တဲ့နိုင်ငံကို ကာကွယ်ဖို့ ဖြစ်တယ်။ အရူးတစ်ယောက်လက်ထဲ ရောက်သွားရင် ဒီနိုင်ငံ (အမေရိကန်) သေချာပေါက် ကျရှုံးမှာပဲ” ဟုလည်း ပြောကြားသွားသည်။

Credit To >>> 7Day News Journal

0 comments:

Post a Comment