3.2.16

၂၀၁၅ ခုနှစ်အတွင်း ပုဂံဒေသသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု နှစ်သိန်းခွဲနီးပါး ရှိခဲ့ပြီး အမေရိကန်လူမျိုး အများဆုံး လာရောက်လည်ပတ်

၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာ လကုန်ထိ ပုဂံဒေသသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှု နှစ်သိန်းခွဲနီးပါး ရှိခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရသည်။

"၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းအထိ ပုဂံဒေသကို နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှုက နှစ်သိန်းခွဲနီးပါး ရှိခဲ့ပါတယ်။ အတိအကျ ပြောရရင် ၂၄၇၈၉၃ ဦး ဖြစ်ပါတယ်။ အမေရိကန်လူမျိုး အများဆုံး ၀င်ရောက်ခဲ့ပါတယ်" ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ) မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထွဋ်ခိုင်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ပုဂံဒေသသို့ နိုင်ငံခြားသား ခရီးသွား ၀င်ရောက်မှုမှာ ၂၃၀၀၀၀ ကျော်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားသား ခရီးသွား ၂၄၇၈၉၃ ဦး ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလအထိ ပုဂံဒေသသို့ အမေရိကန်လူမျိုး အများဆုံးလာရောက် လည်ပတ်ခဲ့ပြီး ဒုတိယ အများဆုံးမှာ ဂျပန်လူမျိုးနှင့် တတိယမှာ ထိုင်းလူမျိုးများ ဖြစ်ကြောင်း သိရသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအား ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင် ဖြစ်ပေါ်လာစေရန် ဆောင်ရွက်လျက်ရှိရာ ရှေးဟောင်းစေတီပုထိုး၊ အဆောက်အအုံများ တည်ရှိရာဇုန် (Monument Zone)၊ ရှေးဟောင်း နယ်မြေဇုန် (Ancient Zone)၊ ဟိုတယ်ဇုန် (Hotel Zone) နှင့် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရေးဇုန် (Prevention Zone) ဟူ၍ ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ရှေးဟောင်းသုတေသန ဦးစီးဌာနနှင့် ပညာရှင်များ ပူးပေါင်း၍ သတ်မှတ်ထားရှိခဲ့ပြီး ဖြစ်သည်။

ယင်းသို့ ဇုန်များခွဲခြား သတ်မှတ်ခဲ့ပြီး နောက်တွင် ရှေးဟောင်းစေတီပုထိုး၊ အဆောက်အအုံများ တည်ရှိရာဇုန် (Monument Zone) နှင့် ရှေးဟောင်းနယ်မြေဇုန် (Ancient Zone) များတွင် ဟိုတယ်အသစ်များ ဆောက်လုပ်ခွင့် လိုင်စင်အား ချထားပေးတော့မည် မဟုတ်ကြောင်း သိရသည်။

လက်ရှိတွင် ပုဂံဒေသ၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၇၈ ခုရှိပြီး အခန်းပေါင်း ၂၅၆၅ ခန်းရှိကြောင်း သိရှိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment