16.3.16

ပါတီ၏ ကြေညာချက်ကို လက်မခံကြောင်း သတင်းစာရှင်းလင်းခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ခြောက်ဦးကို ပါတီမှ ထုတ်ပယ်ခြင်းအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ရခိုင်အမျိုးသားပါတီ အကြောင်းကြား

ရခိုင်အမျိုးသားပါတီ (ANP) က ထုတ် ပြန်ထားသည့် ၁/၂၀၁၆နှင့် ၂/၂၀၁၆ ကြေညာချက်များမှာ တစ်ဖက်သတ် ဆုံးဖြတ်ချက်များဖြစ်၍ လက်မခံကြောင်း ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းခဲ့သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ခြောက်ဦးကို ပါတီမှ ထုတ်ပယ်ခြင်းအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ အကြောင်းကြားပြီး ဖြစ်ကြောင်း ANP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မတ် ၁၄ ရက်တွင် ပြောကြားသည်။


ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့သည်  ၂၀၁၃ ခုနှစ်တွင် နှစ်ပါတီ ပေါင်းစည်းပြီး ANP အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ် စက်တင်ဘာက ရခိုင်ပြည်နယ် သံတွဲမြို့၌ ကျင်းပသည့် ပထမအကြိမ် ပါတီညီလာခံတွင်  ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ကို ALD ပါတီက ခုနစ်ဦး၊ RNDP ပါတီက ၃၂ ဦး စုစုပေါင်း ၃၉ ဦး ရွေးချယ်ခဲ့ကြောင်း၊ ပြည်နယ်အစိုးရ ဖွဲ့စည်းရေးအပေါ် သဘောထားနှင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာ မိတ်အဖွဲ့ (UNA) နှင့် မဟာမိတ်ဆက်ဆံရေး ရပ်စဲမှုကြေညာချက်များ ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ခြောက်ဦး(ယခင် ALD ပါတီဝင်) တို့က ကန့်ကွက်ကြောင်း မတ် ၆ ရက်တွင် သတင်းစာရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ သတင်းစာရှင်းလင်းခဲ့သူများအား ထုတ်ပယ်ခြင်းကို မတ် ၁၂ ရက်နှင့် ၁၃ ရက်များတွင် ရခိုင်ပြည်နယ်၌ ကျင်းပခဲ့သည့် ပါတီအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်(ယခင် RNDP ဥက္ကဋ္ဌ)က “ ထုတ်ပစ်လိုက်ပြီ။ ကျွန်တော်တို့ပါတီ စည်းမျဉ်းစည်းကမ်းအရ ထုတ်ပစ်လိုက်ပြီ။ ထုတ်တဲ့အကြောင်းကိုလည်း ရွေးကောက်ပွဲကော်မရှင်ကိုလည်း အကြောင်းကြားပြီးပြီ။ ကျွန်တော်တို့ ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းမှာပါတဲ့ ပုဒ်မတွေအပေါ် မူတည်ပြီး ဆုံးဖြတ်တာပါ။ အပြင်းထန်ဆုံး ပြစ်ဒဏ်ပေးလို့ရတဲ့ အနေအထား ဖြစ်ပါတယ်။ နှစ်ပါတီပေါင်းတာက ပေါင်းတာပဲ။ ဒါပေမဲ့ ပါတီပြိုကွဲအောင် ဆောင်ရွက်တဲ့ကဏ္ဍကို ခင်ဗျားတို့လည်း မြင်မှာပေါ့” ဟု ပြောကြားသည်။

ရခိုင်အမျိုးသားပါတီက ထုတ်ပယ်ခဲ့သည့် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များမှာ ယခင် ALD ပါတီဝင်များ ဖြစ်ကြသည့် ဦးကျော်မြင့်၊ ဦးလှမြင့်၊ ဦးမျိုးကျော်၊ ဦးမျိုးဆွေ၊ ဦးထွန်းရွှေသိန်း၊ ဦးသန်းနိုင်မြင့် တို့ဖြစ်ကြောင်း သိရသည်။

ပါတီမှ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဦးကျော်မြင့်က “ အဲဒီလို ထုတ်ပယ်တာကို တစ်ဖက်က တစ်ဖက်ကို ထုတ်ပယ်တာကို ဦးတို့ဘက်ကလည်း ထုတ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဦးတို့က ANP ပါတီကို စပြီး ထူထောင်ကတည်းက ကော်မရှင်မှာ သွားပြီးတော့ မှတ်ပုံတင်တဲ့အခါမှာ တစ်ဖက် ၁၅ ယောက်စီ၊ ALD ဘက်က ၁၅ ယောက် ဟိုဘက်က ၁၅ ယောက် အယောက် ၃၀ ကော်မရှင်မှာ မှတ်ပုံတင်တယ်။ အခု ALD ပါတီ ဘယ်သူမှ မရှိတော့ဘူး။ CEC ၊ ဒါဆိုလို့ရှိရင် ANP ပါတီရဲ့ တရားဝင်မှုကို လာပြီးထိခိုက်နိုင်တယ်။ ဒါကြောင့် ဦးတို့က အမြဲပဲ နှစ်ဖက်အငြင်းပွားမှုကိစ္စက မူဝါဒအငြင်းပွားမှုကိစ္စ ဖြစ်တဲ့အတွက် နှစ်ဖက်တွေ့ဆုံ ဆွေးနွေးရအောင်၊ ဆွေးနွေးပြီးတော့ ညီညီညွတ်ညွတ်နဲ့ ကျွန်တော်တို့ ပြည်သူတွေအတွက် ရှေ့ဆက် ဘယ်လိုသွားပြီး လုပ်နိုင်မလဲဆိုတာကို ဦးတို့က ကြိုးစားနေတာ” ဟု ပြောကြားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment