15.3.16

၂၀၁၆ ခုနှစ် နွေကာလအတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား အမြင့်ဆုံးထုတ်လုပ်မှုပမာဏ မဂ္ဂါဝပ် ၂၅၀၀ ခန့် ရှိမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ထက်ဝက်ခန့်သုံးစွဲနေ


၂၀၁၆ ခုနှစ် နွေရာသီကာလအတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား အမြင့်ဆုံးထုတ်လုပ်မှု ပမာဏ မဂ္ဂါဝပ် ၂၅၀၀ ခန့် ရှိမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက မဂ္ဂါဝပ် ၁၂၅၀ ခန့် သုံးစွဲနေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မတ် ၁၃ ရက်ကပြုလုပ်သေ GIS အရှေ့ဒဂုံ ပင်မဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။


၂၀၁၅ ခုနှစ်တွင် နိုင်ငံတော် ဓာတ်အားစနစ်၏ အမြင့်ဆုံးသော နွေရာသီဝန်အား သုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၄၃၀ ခန့် ရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီးက မဂ္ဂါဝပ် ၁၀၅၀ ခန့် သုံးစွဲမှုရှိကြောင်း၊ လက်ရှိ ၂၀၁၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးက မဂ္ဂါဝပ် ၁၂၅၀ ခန့် တိုးမြှင့်သုံးစွဲလာခြင်းကြောင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို ရေတို ရေရှည် စီမံကိန်းများ ချမှတ်လုပ်ဆောင်ခဲ့ကြောင်း ၀န်ကြီးက ပြောကြားသည်။

ရန်ကုန်မြို့၏ တိုးတက်လာသော လူဦးရေနှင့် နေထိုင်မှု အဆင့်အတန်း၊ ဖွံ့ဖြိုးတိုးတက်လာသော စက်မှုလုပ်ငန်းများနှင့် ရန်ကုန်ပတ်ဝန်းကျင် ဒေသများအတွက် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ၂၃၀/၆၆/၁၁ ကေဗွီ၊ ၂×၁၀၀ အမ်ဗွီအေ အလုံပင်မဓာတ်အားခွဲရုံ၊ ၂၃၀ ကေဗွီ ရွာမ-လှိုင်သာယာ ဓာတ်အားလိုင်း ၈ ဒသမ ၁ မိုင်၊ ၂၃၀ ကေဗွီ  သာကေတ-အရှေ့ဒဂုံဓာတ်အားလိုင်း ၁၂ ဒသမ ၂၂ မိုင်၊ ၂၃၀/၆၆/၁၁ ကေဗွီ၊ ၂×၁၂၅ အမ်ဗွီအေ အရှေ့ဒဂုံ (GIS) ဓာတ်အား ခွဲရုံတို့ကို အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စု ၁၀ သန်း (လူဦးရေ ၅၁ သန်း) ရှိသည့်အနက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် အိမ်ထောင် စု ၂ ဒသမ ၂၂ သန်းသာ မီးသုံးစွဲနိုင်ခဲ့ပြီး ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အိမ်ထောင်စုပေါင်း ၃ ဒသမ ၇ သန်း လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မည်ဖြစ်သည်။ ငါးနှစ်တာကာလအတွင်း အိမ်ထောင်စု ၁ ဒသမ ၄၈ သန်း (လူဦးရေ ၇ ဒသမ ၄ သန်း) ကို လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးအပ်နိုင်ခြင်းဖြစ်သော်လည်း မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား မရရှိသေးသည့် အိမ်ထောင်စုပေါင်း ၆ ဒသမ ၈ သန်း (လူဦး ရေ ၃၄ ဒသမ ၆၈ သန်း) ရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ  တည်ဆောက်ပြီးခဲ့သည့် ရေအား၊ သဘာဝဓာတ်ငွေ့၊ ဒီဇယ်နှင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် စုစုပေါင်းစက်တပ်ဆင်အား ၅၂၃၅ မဂ္ဂါဝပ်ရှိပြီး နိုင်ငံတော် ဓာတ်အားစနစ်မှ ထုတ်လုပ်ဖြန့်ဖြူးမှုမှာ ၂၀၁၆ နှစ်ဆန်းပိုင်းအထိ မဂ္ဂါဝပ် ၂၅၀၀ အထိရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဖွံ့ဖြိုး ရေးစီမံချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အား ၄၅၃၁ မဂ္ဂါဝပ်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ၈၁၂၁ မဂ္ဂါ ၀ပ်၊ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်တွင် ၁၄၅၄၂  မဂ္ဂါဝပ်အထိ လိုအပ်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်မှ ၆၆ ရာခိုင်နှုန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ၂၉ ရာခိုင်နှုန်းခန့်နှင့် ကျောက်မီးသွေးမှ သုံးရာခိုင်နှုန်း ၀န်းကျင်ပါဝင်နေခြင်းဖြစ်ပြီး လက်ရှိအစိုးရ သက်တမ်းအတွင်း မဂ္ဂါဝပ် ၁၈၀၀ ကျော် တိုးချဲ့ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ 
Credit To >>> Eleven Media Group 

0 comments:

Post a Comment