15.3.16

ပြည်တွင်းသုံးအတွက် အဓိကထုတ်လွှတ်ပေးနေသည့် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း၏ ပတ္တမြားသဘာဝ ဓာတ်ငွေ့သိုက်မှ တွင်းသစ်လေးတွင်းတူးပြီး ၂၀၁၇ ခုနှစ်တွင် ထုတ်လုပ်မည်


ပြည်တွင်းသုံးအတွက် အဓိကထုတ်လွှတ်ပေးနေသည့် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်း၏ ပတ္တမြားသဘာဝဓာတ်ငွေ့သိုက်၏ တွင်းသစ်လေးတွင်းတူးပြီး ၂၀၁၇ ခုနှစ်တွင် စတင်ထုတ်လုပ်မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

“ရတနာသဘာဝဓာတ်ငွေ့စီမံကိန်း ပလက်ဖောင်းက လက်ရှိရှိနေတာက ၂၀၁၇ ကျရင် လျော့သွားတော့မှာ။ အဲဒီဟာဖြည့်ဖို့ဟာ တစ်ခုကို ထပ်တူးတာ။ အဲဒါအတွက် ပလက်ဖောင်းတစ်ခု ထပ်တူးတာ။ အဲဒါလုပ်နေချိန်မှာ ပိုက်လိုင်းထဲမှာ ဂက်စ်ရှိနေရင် အန္တရာယ်ရှိတဲ့အတွက် ခေတ္တရပ်ထားတာ။ ရပ်ထားပြီးတော့ ပလက်ဖောင်းချတာတွေ လုပ်ရတာ။ ပတ္တမြားပလက်ဖောင်းတည် ဆောက်ဖို့အတွက် လိုအပ်တာတွေ လုပ်နေပါတယ်။ ပတ္တမြား ပလက်ဖောင်းက လေးတွင်းတူးမှာဖြစ်ပြီး ၂၀၁၇ ထဲကျရင် ထပ်ပြီးဖြည့်ပေးရမှာ”ဟု စွမ်းအင်ဝန်ကြီးဌာနမှ အကြံပေး ဦးသန်းထွန်းက ပြောကြားသည်။

ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော Total E&P Myanmar ကုမ္ပဏီမှ ၁၉၉၂ ခုနှစ်တွင် Operator အဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၉၈ ခုနှစ်၌ သဘာဝဓာတ်ငွေ့များကို ပြည်ပသို့ ပိုက်လိုင်းဖြင့် တင်ပို့လျက်ရှိသော စီမံကိန်းဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

“ပတ္တမြား ပလက်ဖောင်းပြင်တာက ဒီနှစ်ကုန်လောက်မှာ လေးတွင်းတူးမှာဖြစ်ပြီးတော့ ပလက်ဖောင်းဆောက်တာက ဒီနှစ်မကုန်ခင် ပြီးမှာ။ ပြီးရင် နှစ်ကုန်မှာ လေးတွင်းတူးပြီးတာနဲ့ ၂၀၁၇ ထဲမှာ စထုတ်မှာ။ ၂၀၁၇ ထဲမှာ အားလုံး အဆင်သင့်ဖြစ်မှာပေါ့။ ပလက်ဖောင်း ဆောက်တာနဲ့ ရေအောက်လိုင်းဆွဲတာတို့က ဒီနှစ်မကုန်ခင်မှာပြီးမှာလေ”ဟု ဦးသန်းထွန်းက ဆက်လက်ပြောကြားသည်။

ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့ကုဗပေသန်း ၅၀၀ ကျော်ခန့်ကို ပြည်ပသို့ လည်းကောင်း၊ ကုဗပေသန်း ၂၀၀ ခန့်ကို ပြည်တွင်းသုံးစွဲရန်အတွက်လည်းကောင်း၊ နေ့စဉ်ထုတ်လုပ်ပို့လွှတ်လျက်ရှိပြီး အမြင့်ဆုံး သဘာဝဓာတ်ငွေ့ သိုလှောင်မှုပမာဏကို ၂၀၂၀ ပြည့်နှစ်အထိ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန်အတွက် ကမ်းလွန်လုပ်ကွက် M-5 နှင့် M-6 အတွင်းရှိ ပတ္တမြား ဘူမိအနေအထား၌ ထုတ်လုပ်မှုမြှင့်တင်နိုင်မည့် တွင်းသစ်စီမံကိန်းများကို လက်ရှိအချိန်တွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းလည်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။  
Credit To >>> Eleven Media Group              

0 comments:

Post a Comment