17.3.16

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ သင့်လျော်သော ပုဂ္ဂိုလ် တစ်ဦးကို ရှမ်းပြည်နယ် ၀န်ကြီးချုပ်အဖြစ် ရွေးချယ် ခန့်အပ်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံ ပြည်တွင်းပြည်ပမှ ရှမ်းအဖွဲ့အစည်းများ တောင်းဆို

ရှမ်းပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်သည့် အခါတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီမှ သင့်လျော်သော ပုဂ္ဂိုလ် တစ်ဦးဦးကို ရွေးချယ် ခန့်အပ်ပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပြည်တွင်းပြည်ပမှ ရှမ်းအဖွဲ့အစည်းများက တောင်းဆိုခဲ့ကြသည်။


ထိုင်းနိုင်ငံ ရှမ်းအမျိုးသားများ အဖွဲ့အစည်းက မတ် ၁၆ ရက်နေ့စွဲဖြင့် အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်ထံသို့ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါ အဖွဲ့၏ တောင်းဆိုစာ၌ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် အနိုင်ရသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို ထိုင်းနိုင်ငံ ရှမ်းအမျိုးသားများ အဖွဲ့အစည်းက အထူးဝမ်းမြောက် ဂုဏ်ယူလျက်ရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ယခုအချိန်တွင် တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ်များ နေရာအသီးသီး ရွေးချယ်တင်မြှောက်ရာ အချိန်ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းပြည်ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး တိုင်းရင်းသားများ အားလုံးကို လူမျိုးဘာသာ မခွဲခြားဘဲ ခန့်အပ်လိမ့်မည်ဟု ယုံကြည်သည်ဟု ဖော်ပြထားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် နိုင်ငံရေး၊ လူမှုရေးများတွင် အေးအတူ ပူအမျှ လက်တွဲ လုပ်ဆောင်လာသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရှမ်းပြည်နယ်ဖွား တိုင်းရင်းသားများ၏ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများ၊ ယင်းတို့၏ အခက်အခဲများနှင့် လိုအပ်မှုများကို ပိုမိုသိရှိ နားလည်သူများ ဖြစ်သည့်အလျောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်သောအခါ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ သင့်လျော်သော ပုဂ္ဂိုလ် တစ်ဦးဦးကို ထည့်သွင်းရွေးချယ် ခန့်အပ်ပေးရန် ထိုင်းနိုင်ငံ ရှမ်းအမျိုးသားများ အဖွဲ့အစည်းက ဒေါ်အောင်ဆန်းစုကြည်ထံသို့ မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များ အဖွဲ့မှ စိုင်းအောင်မြင့်ဦးကလည်း “ကျွန်တော်တို့ကလည်း ဒီ SNLD ထဲမှာ ရှိတဲ့ အနိုင်ရတဲ့ အထဲမှာက ကျွန်တော်တို့ ရှမ်းပြည်နယ်က ပြည်သူတွေလည်း ယုံကြည်တယ်။ တိုင်းရင်းသားတွေလည်း ယုံကြည်တဲ့သူ ရှိနေတဲ့ အခါကျတော့ ကျွန်တော်တို့ လူငယ်တွေ၊ ပြင်ပက လူငယ်တွေ ပြီးတော့ လူမှု အဖွဲ့အစည်းတွေက SNLD က ဖြစ်နိုင်တယ်ဆိုတာ တည့်တည့်မတ်မတ် တောင်းဆိုခြင်း ဖြစ်ပါတယ်။ NLD အနေနဲ့ ရှမ်းပြည်မှာ အကြီးအကဲကို ရှမ်းပြည်ကနေ ခန့်ပေးပါပေါ့နော်။ ရှမ်းပြည်မှာလည်း တကယ့် အားကိုးရတဲ့ ယုံကြည်ရတဲ့ လူကြီးတွေ အများကြီး ရှိပါတယ်။ ရှမ်းပြည် ဆိုတာကလည်း အရမ်း ခက်ခဲကြမ်းတမ်းတဲ့ ဖြတ်သန်းမှုတွေ များစွာ ရှိတဲ့အတွက် ပြည်မကနေလာပြီး ခန့်အပ်တဲ့ လူမျိုးကို မလိုလားဘူးပေါ့။ ရှမ်းပြည်နယ်ဖွား တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဦးကို ကျွန်တော်တို့ တောင်းဆိုပါတယ်။ လာမယ့် အနာဂတ်မှာ ပူးပေါင်း လုပ်ရမှာ ဖြစ်တဲ့အတွက် ကန့်ကွက်တာ မဟုတ်ဘူး။ တောင်းဆိုခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ရှမ်းလူမှုရေးနှင့် ယဉ်ကျေးမှု အဖွဲ့ကလည်း ရှမ်းပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်သည့် အခါတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ သင့်လျော်သော ပုဂ္ဂိုလ် တစ်ဦးဦးကို ရွေးချယ် ခန့်အပ်ပေးနိုင်ရေး ထည့်သွင်းစဉ်းစားပေးရန် ဒေါ်အောင်ဆန်းစုကြည်ထံသို့ မေတ္တာရပ်ခံထားကြောင်း သိရသည်။

အစိုးရအဖွဲ့တွင် ပါဝင်ရေး မျှော်လင့်ထားခြင်း မရှိသလို လူထုအတွက် အကျိုးရှိရာနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးတည်သည့် ကဏ္ဍမျိုး မဟုတ်ပါကလည်း စိတ်ဝင်စားမှု မရှိဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က မတ် ၄ ရက်တွင် ရန်ကုန်မြို့၌ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရေး ကိစ္စနှင့် ပတ်သက်၍လည်း ဦးစိုင်းလိတ်က “အနိုင်ရတဲ့ အစိုးရကတော့ သူက သမ္မတ ခန့်မှာကိုး။ သူ့သမ္မတက အဆိုပြုတဲ့ တစ်ယောက်က ၀န်ကြီးချုပ် ဖြစ်မှာပဲလေ။ သူ့ဥပဒေအရ ဆိုရင်တော့ မှန်နေပြီ။ သူတို့ လုပ်နေတာ မလွဲဘူးပေါ့လေ။ ဒါပေမဲ့ ရခိုင်လိုဟာမျိုး၊ ရှမ်းပြည်နယ်လို ဟာမျိုးကျတော့ NLD မဟုတ်တဲ့ တိုင်းရင်းသား ပါတီတွေက NLD ထက်ကို ပိုပြီးတော့ အနိုင်ရထားတယ်။ အဲဒါကို သူတို့ ထည့်မတွက်ဘဲတော့ လုပ်မယ်ဆိုရင် မဖြစ်သင့်ဘူးပေါ့နော်။ အနိုင်ရထားတဲ့ တိုင်းရင်းသားပါတီနဲ့ ညှိနှိုင်းလုပ်ဆောင်သွားဖို့ လိုအပ်တယ်။ အဲဒါမှသာလျှင် သူတို့ပြောနေတဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ပိုပြီးတော့မှ အကောင်အထည်ဖော်ရာ ကျမှပေါ့” ဟု သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်တွင် စုစုပေါင်း ၂၄ နေရာ အနိုင်ရရှိပြီး ပြည်နယ်အတွင်း မဲအများဆုံး အနိုင်ရရှိခဲ့သည့် တိုင်းရင်းသားပါတီဖြစ်သည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment