17.3.16

စောမွန်လှကျွန်းနှင့် အနီးတစ်ဝိုက်တွင် ရေချိုခပ်ခွင့် မရခြင်း၊ ငါးဖမ်းလှေငယ်များ ၀င်ထွက်ခွင့် မရခြင်းအပေါ် ဆလုံတိုင်းရင်းသားများ စုစည်းပြီး အမျိုးသားလွှတ်တော်သို့ တင်ပြမည်


မြိတ်ကျွန်းစုအတွင်းရှိ စောမွန်လှကျွန်းနှင့် အနီးတစ်ဝိုက်တွင် ဒေသခံများအနေဖြင့် ရေချိုခပ်ခွင့် မရခြင်း၊ ငါးဖမ်းလှေငယ်များ ၀င်ထွက်ခွင့် မရခြင်းအပေါ် ဆလုံတိုင်းရင်းသားများ စုစည်းပြီး အမျိုးသားလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ စောမွန်လှကျွန်းအား ပုလဲမွေးမြူရေးကုမ္ပဏီတစ်ခုမှ ၀င်ရောက်လာပြီး ဒေသခံများအား ရေချိုခပ်ခွင့် မပေးတော့သည့်အပြင် ဆလုံတိုင်းရင်းသားများ အသုံးပြုလေ့ရှိသည့် ကင်းမွန်မျှားသည့် လှေငယ်လေးများအား ၀င်ထွက်ခွင့် မပေးတော့ခြင်းကြောင့် သောက်သုံးရေ အခက်အခဲများ ဖြစ်နေသည့်အပြင် လုပ်ငန်းများလုပ်ကိုင်ရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

“ဆလုံတိုင်းရင်းသားတွေကတော့ အခုလောလောဆယ်မှာ ကျွန်တော်တို့ ရွာကနေ ရှစ်မိုင်လောက်ဝေးတဲ့ နေရာတွေမှာ ရေချို လိုက်ရှာနေရပါတယ်။ သာမန် လက်နဲ့လှော်ရတဲ့ လှေကလေးတွေကတော့ မသွားနိုင်ဘူး။ စက်တပ်ထားတဲ့ လှေတွေက သွားရောက် ခပ်ယူလာတဲ့ရေတွေကို ၀ယ်သုံးနေရတာပေါ့။ စောမွန်လှကျွန်းမှာက ရေချိုတွေ ရှိပါတယ်။အရင်ကတည်းကလည်း ဒီက ဒေသခံတွေ နွေရာသီဆိုရင် ရေချိုသွားရောက် ခပ်ယူနေကြပါ။ အခု တာဆာကီဆိုတဲ့ ပုလဲဌာနဆိုလား ၀င်လာတယ်။ ကျွန်းအရှေ့က ရေပြင်မှာ ပလတ်စတစ် ဘောသီးလေးတွေ လာချလိုက်တယ်။ ကျွန်းကိုလည်း ဘယ်သူမှ ပေးမ၀င်တော့ဘူး။ အခု ဆလုံတိုင်းရင်းသားတွေအပြင် ဒီ အနီးနားကျေးရွာက လူတွေပါ အခက်ခဲဖြစ်နေကြပြီ” ဟု လငန်းကျေးရွာမှ ဦးမြင့်လွင်က ပြောကြားသည်။

စောမွန်လှကျွန်းတွင် မြိတ်အများပိုင်မှ ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် လျှောက်ထားသော်လည်း ပုလဲကုမ္ပဏီမှ လက်ဦးမှု ရရှိထားသည့် အနေအထားဖြစ်နေကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“ ကျွန်တော်တို့က ဒီကျွန်းကို သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းမယ်။ ဆလုံတိုင်းရင်းသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးထားမယ်။ ရေချိုခပ်တာတို့ အသက်မွေးဝမ်းကျောင်း လာလုပ်တဲ့အပြင် သူတို့ဆီက ရလာတဲ့ငါးတွေ ကင်းမွန်တွေကိုလည်း ခရီးသွားဧည့်သည်တွေကို ၀ယ်ယူသုံးစွဲစေဖို့ ရည်ရွယ်ထားပါတယ်။ အခု ပုလဲကုမ္ပဏီက လာရောက်ပြီး ဒေသခံတွေကို ရေချိုခပ်ခွင့် မပေးတဲ့အပြင် ကင်းမွန်မျှားတဲ့ လက်ယက်လှေကလေးတွေကိုတောင် ၀င်ခွင့်မပေးတော့ဘူး”ဟု မြိတ်အများပိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြိတ်ကျွန်းစုအတွင်းရှိ လှပသော ကျွန်းတချို့ကို ပုလဲမွေးမြူရေးကို အကြောင်းပြပြီး လုပ်ငန်းရှင်ကြီးတချို့မှ တာဝန်ရှိသူအချို့ နှင့် ပေါင်းကာ နေရာဦးထားမှုများ ရှိနေသည့်အတွက် ခရီးသွားလုပ်ငန်းများနှင့် ထိပ်တိုက်တွေ့မှုများ ဖြစ်ပေါ်လာနေကြောင်း သိရသည်။

ဆလုံတိုင်းရင်းသားများနှင့် ဒေသခံများ ခေါ်ဆိုလေ့ရှိသည့် နွားလပို့အော် (ခ) လက်ကတ်အော် (ခ) စောမွန်လှကျွန်းမှာ လှပသည့် သဲသောင်များနှင့် ရေအောက်ရှုခင်းများလည်း ရှိကြောင်း  သိရသည်။

နွေရာသီ ရေချိုရှားပါးမှုအခက်အခဲများနှင့် ကင်းမွန်ဖမ်းသည့် လက်ယက်လှေကလေးများအား ၀င်ရောက်ခွင့် မပေးသည့်အတွက် ဆလုံတိုင်းရင်းသားများမှာ လက်မှတ်များ စုစည်းပြီး အမျိုးသားလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဆလုံတိုင်းရင်းသား ၁၅၅ ဦး လက်မှတ်များ ထိုးထားပြီးဖြစ်ကာ ယခုနှစ် မတ်လကုန်ပိုင်းလောက်တွင် အမျိုးသားလွှတ်တော်သို့ ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
Credit To >>> Eleven Media Group 

0 comments:

Post a Comment