14.3.16

FMI ရှယ်ယာတစ်စုလျှင် ကျပ်နှစ်သောင်းဝန်းကျင်ဖြင့် စတော့အိတ်ချိန်းတွင် စရောင်းမည်

ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဆုံးရှယ်ယာအရောင်းအဝယ်လုပ်ဆောင်မည့် ပထမမြန်မာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ(FMI)၏ ရှယ်ယာတစ်စုလျှင် ကျပ်နှစ်သောင်းဝန်းကျင်ဖြင့် စတင်ရောင်းချမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

မတ်လ ၁၂ ရက်နေ့က ရန်ကုန်စတော့အိတ်ချိန်း၌ ပြုလုပ်သော Myanmar Share Investment Seminar ပွဲတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ၄င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်း၌ မတ်လ ၂၅ ရက်နေ့မှစတင်၍ ရှယ်ယာများ အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ပြီး FMI ကုမ္ပဏီက ပထမဆုံးရှယ်ယာရောင်းချမည်ဖြစ်ကာ ယခုသတ်မှတ်လိုက်သည့် ဈေးနှုန်းမှာ အဖွင့်ဈေးသဘောမျိုး သတ်မှတ်ထားခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။
ရှယ်ယာဈေးနှုန်းသတ်မှတ်ခြင်းသည် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်း (Listed)မသွင်းမီ ရှယ်ယာဈေးနှုန်း၊ စာရင်းသွင်းပြီး တက်လာသည့်ဈေးနှုန်းနှင့် လက်ရှိနောက်ဆုံးဈေးနှုန်းများကို နှိုင်းယှဉ်သတ်မှတ်ခြင်းဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ရှင်းပြပြောဆိုသည်။
လက်ရှိ FMI ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းသည် တစ်စုလျှင် ကျပ်သုံးသောင်းဝန်းကျင်ရှိကြောင်း အဆိုပါကုမ္ပဏီ၏ ရှယ်ယာရှင်များထံမှ သိရသည်။
ရန်ကုန်စတော့ အိတ်ချိန်းတွင် FMI ကုမ္ပဏီက ရှယ်ယာရောင်းချပြီးနောက် ရက်ပိုင်းအတွင်း သီလဝါအထူး စီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ(MTSH)က ဆက်လက်ရောင်းချမည်ဖြစ်ပြီး ယင်းနောက် မြန်မာနိုင်ငံသားများဘဏ်၊ ပထမပုဂ္ဂလိကဘဏ်နှင့် မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီ (MAPCO) တို့ကအစဉ်လိုက် ရှယ်ယာအရောင်းအဝယ်လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်ကြောင်း ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SECM)ထံမှ သိရသည်။
စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ်များကို တာဝန်ခံလုပ်ပေးမည့် ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းငါးခုမှာ KBZ SC၊ MSEC၊ Aya Trust Securities၊ CB Securities နှင့် KTzRH Securities ကုမ္ပဏီ တို့ဖြစ်သည်။
Cerdit To >>> The Voice Weekly

0 comments:

Post a Comment