29.4.16

ထူး၊ ဦးပိုင်၊ မက်စ်မြန်မာနှင့် ရွှေတောင်အပါအ၀င် ကုမ္ပဏီများက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြေဧက ၂၇၀၀၀ ခန့်တွင် ကျောက်မီးသွေး ထုတ်လုပ်နေပြီး ရေသုံးစွဲမှု ခွင့်ပြုချက် လုံးဝရယူထားမှုမရှိဘဲ လုပ်ကိုင်နေခြင်းကြောင့် မြေစာများစုပုံကာ ရေလမ်းကြောင်း ပြောင်းလဲမှု ဖြစ်ပေါ်နေ

ထူး၊ မြန်မာ့စီးပွားရေးဦးပိုင်၊ ထွန်းသွင်၊ မက်စ်မြန်မာနှင့် ရွှေတောင်အပါအ၀င် ကုမ္ပဏီများက စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြေဧက ၂၇၀၀၀ ခန့်အပေါ်တွင် အကြီးစား ကျောက်မီးသွေး ထုတ်လုပ်မှုများ ပြုလုပ်နေသော်လည်း ရေထုတ်ယူ သုံးစွဲခွင့် ခွင့်ပြုချက် ရယူထားမှုမရှိဘဲ ကျောက်မီးသွေး ထုတ်ယူနေမှုကြောင့် မြေစာများစုပုံကာ ရေလမ်းကြောင်း ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည့်အပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း ပုံမှန်တိုင်းတာ စစ်ဆေးခြင်း မရှိကြောင်း သတ္တုတွင်းဝန်ကြီးဌာနနှင့် စိမ်းလန်းအမိမြေတို့ ပူးပေါင်းလုပ်ဆောင်သည့် သတ္တုတွင်းကဏ္ဍဆိုင်ရာ ကျောက်မီးသွေးမိုင်းများသို့ ကနဦးပူးပေါင်း ကွင်းဆင်းလေ့လာ ဆန်းစစ်ခြင်းနှင့် လူထုကြားနာပွဲ ပြီးမြောက်ကြောင်း အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။

ကုမ္ပဏီများ၏ လုပ်ဆောင်မှုကြောင့် မြေစာများစုပုံကာ ရေလမ်းကြောင်းပြောင်း လဲမှုများဖြစ်ပေါ်နေသည့်မြစ်မှာ မြစ်သာမြစ်နှင့် မြစ်သာမြစ်အတွင်း စီးဝင်သည့် ချောင်းလက်တက်များတွင် ဖြစ်ပေါ်နေရကြောင်း ကုမ္ပဏီ၊ ၀န်ကြီးဌာနနှင့် အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် Chindwin Youth Network မှ ဒါရိုက်တာ ဦးကျော်သက်ဝင်းက ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ၊ ကလေးနှင့် မော်လိုက်မြို့နယ်များတွင် တည်ရှိသည့် အဆိုပါ ကျောက်မီးသွေး တူးဖော်သည့် လုပ်ကွက်များကို ထွန်းသွင်ကုမ္ပဏီက အကြီးစားအဖြစ် ဧက ၄၅၀၀ အပေါ် လုပ်ကိုင်နေပြီး ထူးကုမ္ပဏီက အကြီးစားအဖြစ် ၆၀၀၅ ဧကကျော်အပေါ် လုပ်ကိုင်နေသည်။ ရွှေတောင်ကုမ္ပဏီက အကြီးစားအဖြစ် ၃၃၇၈ ဧကကျော်အပေါ် လုပ်ကိုင်နေပြီး မန္တလေး ရွှေသူငယ်ချင်း ကုမ္ပဏီက အကြီးစားအဖြစ် ဧက ၁၉၂ ဧကတွင် လုပ်ကိုင်နေကာ သီဟသန့်ဟိန်း ကုမ္ပဏီက အကြီးစားအဖြစ် ၂၃၂၄ ဧကကျော်အပေါ် ကျောက်မီးသွေး ထုတ်လုပ်နေသည်။ ထို့ပြင် မန္တလေးဖြန့်ချိရေးနှင့် သတ္တုတူးဖော်ရေး ကုမ္ပဏီက ၆၄၂ ဧကနှင့် ကိုးကန့်ရွှေနဂါး ကုမ္ပဏီက ၄၅ ဧကပေါ်တွင် ကျောက်မီးသွေး ထုတ်လုပ်မှု ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီများအားလုံးမှာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု စီမံချက် (EMP) လုံးဝလုပ်ဆောင် ထားမှုမရှိဘဲ ထွန်းသွင်၊ ထူး၊ မက်စ်မြန်မာနှင့် ရွှေတောင်ကုမ္ပဏီတို့တွင်သာ EIA ရေးဆွဲထားကာ ကျန်ကုမ္ပဏီများတွင် EIA ပင်မရှိဘဲ လုပ်ကိုင်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။
မြန်မာ့စီးပွားရေးဦးပိုင် အနေဖြင့် ကျောက်မီးသွေး တူးဖော်ထုတ်လုပ်ခွင့် ရယူထားသော်လည်း ထုတ်လုပ်ခွင့်ပြုမိန့်ကိုမူ ထူးဟန်သစ်ကုမ္ပဏီသို့ လွှဲပြောင်းပေးထားကာ အဆိုပါ လုပ်ငန်းလွှဲပြောင်း ဆောင်ရွက်ခွင့်ကို သတ္တုတွင်းဝန်ကြီးဌာနသို့ တရားဝင်တင်ပြထားမှု မရှိကြောင်းနှင့် လုပ်ငန်းခွင်လုံခြုံမှု ဘေးအန္တရာယ်ကင်းရှင်းရေး စီမံချက်များ မရှိခြင်းနှင့် အချိန်ပိုလုပ်ခ နှစ်ဆပေးချေမှု မရှိခြင်းများ ဖြစ်ပေါ်နေသည်ဟု အစီရင်ခံစာက ဖော်ပြသည်။
ကုမ္ပဏီအားလုံးက ရေထုတ်ယူသုံးစွဲခွင့် ခွင့်ပြုချက် ရယူထားမှုမရှိဘဲ ကျောက်မီးသွေး ထုတ်ယူနေမှုကြောင့် မြေစာများ စုပုံကာ ရေလမ်းကြောင်း ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည့်အပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း ပုံမှန်တိုင်းတာ စစ်ဆေးခြင်း မရှိကြောင်းနှင့် ပြည်သူလူထု၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့်လည်း ပုံမှန်တွေ့ဆုံ ညှိနှိုင်းမှု မရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို မည်သည့်ကုမ္ပဏီကမျှ လုပ်ဆောင်ခြင်း မရှိဘဲ သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင်သာ အရေးပေါ် ကူညီကယ်ဆယ်ရေးနှင့် ပံ့ပိုးမှုလုပ်ဆောင်ကြပြီး နစ်နာမှုများအား ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများ ကုမ္ပဏီတိုင်း အကောင်အထည် ဖော်ဆောင်မှု မရှိသည့်အပြင် ပတ်ဝန်းကျင်ရေးရာအစီ ရင်ခံမှုကိုလည်း ကုမ္ပဏီများက အများပြည်သူသို့ ထုတ်ပြန်ကြေညာခြင်း မရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုသို့ ကုမ္ပဏီများ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သတ္တုတွင်းဝန်ကြီးဌာနနှင့် စိမ်းလန်းအမိမြေတို့က အကြံပြုရာတွင် ပတ်ဝန်းကျင်ရေးရာ စီမံခန့်ခွဲမှု အစီအမံရေးဆွဲခြင်းကို ကုမ္ပဏီတိုင်းမှ လုပ်ဆောင်ရန်၊ ရေးဆွဲထားသော EMP ကို ကုမ္ပဏီများမှ ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာချပြ၍ လိုက်နာကျင့်သုံးရန်၊ IEE၊ EIA၊ SIA ရေးဆွဲအကောင်အထည်ဖော်၍ လိုအပ်ချက်များ ထည့်သွင်းဖြည့်စွက်ရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း အကြံပြုထားသည်။
ထို့ပြင် မြစ်ချောင်းများ အနီးတွင် မြေစာများပုံခြင်း၊ ကျောက်မီးသွေးများ ထားရှိခြင်းကို အလျင်အမြန်ဖယ်ရှားပြီး အဆိုပါအပြုအမူများ ထပ်မံလုပ်ဆောင်ခြင်း မပြုရန်နှင့် ပတ်ဝန်းကျင်ရေးရာနှင့် ပတ်သက်သည့် အဓိကချိတ်ဆက်ပေးမည့်သူ တစ်ဦးကို ကုမ္ပဏီတိုင်းမှ သတ်မှတ်ထားကာ အလုပ်သမားရေးရာ အခွင့်အရေးများနှင့် ပတ်သက်၍ အလုပ်သမား သိရှိနားလည်မှု မြှင့်တင်ရေး သင်တန်းများ၊ အမြင်ဖွင့် သင်တန်းများ ဆောင်ရွက်ပေးရန် အကြံပြုထားသည်။
ထိုသို့ ကုမ္ပဏီများ ပြည်သူများနှင့် ပတ်ဝန်းကျင်ထိခိုက်မှု အခြေအနေများအတွက် လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်မှုမရှိခြင်းနှင့် ပတ်သက်၍ လက်ရှိအခြေအနေမှာ ကုမ္ပဏီ၊ ၀န်ကြီးဌာနနှင့် အရပ်ဘက် အဖွဲ့အစည်းများ ကနဦးပူးပေါင်း လုပ်ဆောင်သည့် ရှေ့ပြေးအစီရင်ခံစာသာ ဖြစ်ကြောင်းနှင့် လက်ရှိ အားနည်းချက်များကို ပြုပြင်၍ ပြည်သူများနှင့် ပတ်ဝန်းကျင်ထိခိုက်မှု အခြေအနေများကို ကောင်းမွန်အောင် စနစ်တကျ ဖြေရှင်းလုပ်ကိုင်ခြင်း မရှိပါက ဥပဒေကြောင်းအရ ပြောဆိုရမည့် အခြေအနေသို့ ရောက်ရှိလာမည် ဖြစ်ကြောင်း စိမ်းလန်းအမိမြေ၏ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ပြောကြားသည်။
Credit To >>> Eleven Media Group

0 comments:

Post a Comment