26.4.16

မြန်မာ့တပ်မတော်မှ ဆက်လက်ထိုးစစ်ဆင်ပါက လူထုဖြင့်လက်တွဲ၍ ကာကွယ်မည့် စီမံကိန်းများလုပ်မည် -

ကချင်လွတ်လပ်ရေး တပ်မတော်(KIA)ဌာနချုပ်ကို မြန်မာတပ်မတော်မှ ဆက်လက် ထိုးစစ်ဆင်နေပါက လူထုနှင့် လက်တွဲကာ မိမိကိုယ်ကိုယ် ကာကွယ်သွားမည့် စီမံကိန်းများ လုပ်ဆောင်သွားမည်ဟု ကချင်အမျိုးသား အစည်းအရုံး(KNO)က ပြောဆိုလိုက်သည်။

မြန်မာ့တပ်မတော်မှ ဧပြီ ၇ ရက်မှ ယနေ့အချိန်ထိ KIO/KIA ဌာနချုပ် လိုင်ဇာအနီး တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၈ နယ်မြေအတွင်း ရှေ့တန်းစတပ်စခန်းများသို့ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းအား KNO က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချကြောင်း KNO က ဧပြီ ၂၄ ရက်က ကြေငြာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
“အခုလိုမျိုးတဖက်သတ် စစ်ဆင်လာမယ်ဆိုရင်တော့ ကျနော်တို့လူထုကို ကာကွယ်ဖို့က တာဝန်ရှိတယ်။ ကျနော်တို့ လူထုနဲ့ ကာကွယ် သင့်ပြီဆိုရင်တော့ ကာကွယ်မယ်။ ကျနော်တို့က ကေအန်အိုက စစ်ရေးတွေကို ကေအိုင်အိုကို အားလုံး အပ်ထားတယ်။ ဒါပေမဲ့ အခုလို ကိုယ့်နယ်မြေစိုးမိုးဖို့ စစ်ရေးနဲ့ စစ်ဆင်လာမယ် ဆိုရင်တော့ တကျော့ပြန် စဉ်းစားရမယ့်အချက်ဘဲ”ဟု KNO ဥက္ကဌ ဒူဝါဘောမ်ဝမ်လရော်က ပြောသည်။
မြန်မာ့တပ်မတော်အနေဖြင့် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ဆက်လက် ပြုလုပ်နေမည်ဆိုပါက မိမိတို့ KNO အနေဖြင့် ကချင်ပြည်အတွင်းရှိ ပြည်သူပြည်သားများနှင့် လက်တွဲကာ ကချင်ပြည်ကြီးကို ကာကွယ်မည့် စီမံကိန်းကြီးကို အားထုတ်ကြိုးပမ်းအကောင်အထည်ဖော်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။
လူထုထောက်ခံမှုဖြင့် တက်လာသည့် အစိုးရ သစ် တက်လာပြီး မကြာမီတွင် ကချင်ပြည်နယ် KIO/KIAနယ်မြေအတွင်းသို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းသည် မလုပ်သင့်သော လုပ်ဆောင်မှုဖြစ်ပြီး   နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် သူက မဇ္စျိမကို ပြောသည်။
“စစ်ရေးနဲ့ဖြေရှင်းတဲ့စနစ်ကို တကြော့ပြန် သုံးတဲ့ အပြုအမှုကို ကျနော်တို KNOကနေ ရှုံ့ချရခြင်း ဖြစ်တယ်”ဟု သူက ပြောသည်။
အစိုးရ သစ်အနေဖြင့် တပ်မတော်ဘက်မှ ထိုးစစ်ဆင်မှုလုပ်ဆောင်မှုများကို ရပ်တန့်ရန် ညွန်ကြးရမည် ဖြစ်သလို၊ မရပါက အရေးယူမှုများ လုပ်ဆောင်သင့်ကြောင်း ဒူဝါ ဘောမ်ဝမ်လရောက ပြောသည်။
“အစိုးရသစ်ကလည်း တပ်ကို မ changeနိုင်တဲ့အကြောင်းတရားလို့လည်း ပြောကြတယ်။ ဒါပေမဲ့ တပ်ဆိုတာက အစိုးရ အောက်မှာ ဖြစ်တယ်။ အစိုးရရဲ့ အမိန့်ကို မနာခံဘူးဆိုရင် တပ်ကိုလည်း အစိုးရက အရေးယူရမယ်။ အစိုးရရဲ့ အမိန့်ကို မနာခံဘူးဆိုရင် အစိုးရက အရေးယူရမယ်။”ဟု သူက ပြောသည်။
အစိုးရသစ်အနေဖြင့် နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် မဖြေရှင်းဘဲ အကြမ်းမဖက်သောနည်းလမ်းဖြင့် စားပွဲပေါ်တွင် ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာသော နည်းလမ်းကို ဦးဆောင် လုပ်ဆောင်သွားသင့်ကြောင်း သူက တိုက်တွန်းလိုက်သည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများ၏ နယ်မြေများကို ထိုးစစ်ဆင်မှုများ ဆက်လက် ပြုလုပ်နေမည် ဆိုပါက မြန်မာပြည်တွင်းစစ်ကြီးပင် ဖြစ်လာနိုင်ကြောင်းနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရသစ် တက် လာချိန်တွင် မြန်မာ့တပ်မတော်ဘက်မှ KIA ရှိရာ ကချင်ပြည်နယ်သို့ထိုးစစ်ဆင်တိုက်ခိုက်ကာ နယ်မြေ စိုးမိုးရေး လုပ်လာခြင်းသည် အင်မတန်မှ ယုတ်မာ ကောက်ကျစ်သော နည်းလမ်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNO ကို ကချင်အမျိုးသား ဒူဝါဘောမ်ဝမ်လရော်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၁၉၉၉ ခုနှစ်က ကချင်တိုင်းရင်းသားအရေး နိုင်ငံတကာတွင် ဆောင်ရွက်နိုင်ရန် စတင်ဖွဲ့စည်းခဲ့ပြီး KNO နှင့် KIO တို့အကြား သဘောထားယှဉ်ပြိုင်သလို ဖြစ်လာသဖြင့် ၂၀၁၁ ခုနှစ်တွင် နှစ်ဖွဲ့ သဘောတူညီမှု ပြန်လည် ညှိနှိုင်းခဲ့သည်။
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်တွင် KNO ၏ United Kachinland Army-UKA တပ်ဖွဲ့အား KIOပြန်လည် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။ KNO ရုံးခွဲများကို အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ သြစတေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ အိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေး၊ ဆွီဒင်၊ တရုတ် စသည့် နိုင်ငံများတွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
Credit To >>> Mizzima Burmese

0 comments:

Post a Comment