26.4.16

လေကြောင်းထိန်းသိမ်းရေး မျှော်စင်ကို နော်ဝေးတိုက်လေယာဉ် မှားယွင်းပစ်ခတ်

စနစ် အမှားအယွင်းကြောင့် နော်ဝေးလေတပ် တိုက်လေယာဉ် တစ်စီးက လေကြောင်းထိန်းသိမ်းရေး မျှော်စင်ကို ပစ်ခတ်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နော်ဝေး အနောက်ဘက် ကမ်းခြေရှိ ထရာဗာကျွန်းတွင် F-16 တိုက်လေယာဉ် နှစ်စီးက တိုက်ခိုက်ရေး လေ့ကျင့်ပျံသန်းမှု ပြုလုပ်စဉ် လေယာဉ်တစ်စီးက M61 Vulcan စက်သေနတ်ဖြင့် လေကြောင်းထိန်းသိမ်းရေး မျှော်စင်ကို ပစ်ခတ်ခဲ့ခြင်းဟု နော်ဝေးလေတပ်က ဧပြီ ၂၄ ရက်တွင် ကြေညာခဲ့သည်။ အဆိုပါ သေနတ်သည် တစ်စက္ကန့်လျှင် ကျည်ဆန်အတောင့် ၁၀၀ မျှထိ လျင်မြန်စွာ ပစ်ခတ်နိုင်သည်။
စစ်ရေးလေ့ကျင့်သည့် နေရာသည် လူသူအရောက်အပေါက် မရှိသည့် ဒေသဖြစ်သော်လည်း လေကြောင်းထိန်းသိမ်းရေး မျှော်စင်ထဲတွင် ထိုအချိန်၌ အရာရှိ ၃ ဦး တာဝန်ထမ်းဆောင်နေခဲ့ကြောင်း သိရသည်။ ၎င်းတို့အနေဖြင့် မှားယွင်းပစ်ခတ်မှုကြောင့် တုန်လှုပ်ကြောက်ရွံ့ခဲ့ရသော်လည်း ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ချေ။
“အခုတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်”ဟု နော်ဝေးစစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ကြီး ဘရန်ဂျာ စတော့ဒေါလ်က AFPသို့ ပြောကြားခဲ့သည်။ အဆိုပါ မတော်တဆမှုသည် ဧပြီ ၁၂ ရက်က ဖြစ်ပွား ခဲ့သော်လည်း ဧပြီ ၂၄ ရက်တွင်မှ စစ်တပ်က တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အလားတူ မတော်တဆမှုမျိုး ကြုံရသည်မှာ အဆိုပါ မျှော်စင်အတွက် ၆ နှစ်အတွင်း ဒုတိယအကြိမ် ဖြစ်သည်။
၂၀၀၉ ခုနှစ်ကလည်း F-16 တစ်စီးသည်ပင် မျှော်စင်ကို စက်သေနတ်ဖြင့် မှားယွင်းပစ်ခတ်မိရာ မျှော်စင် အစိတ်အပိုင်းအချို့ ပျက်စီးခဲ့သော်လည်း ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ချေ။ F-16 တိုက်လေယာဉ်များအတွက် အလားတူ မှားယွင်းမှုမှာမူ နယ်သာလန်တွင်လည်း ဖြစ်ပျက်ခဲ့ဖူးသည်။
၂၀၁၄ ခုနှစ်က နယ်သာလန် လေတပ်၏ တိုက်လေယာဉ်တစ်စီးသည် ဗလိုင်လန်ကျွန်းရှိ လေ့ကျင့်တိုက်ခိုက်မှု ဧရိယာတွင် လေကြောင်းထိန်းသိမ်းရေး မျှော်စင်တစ်ခုကို စက်သေနတ်ဖြင့် မှားယွင်း ပစ်ခတ်ခဲ့ဖူးသည်။ ထိုစဉ်က ၂၀ မမ စက်အမြောက် ကျည်ဆန်များကြောင့် မျှော်စင်တွင် အသေးစား ထိခိုက်မှုများ ဖြစ်ခဲ့ပြီး အတွင်းရှိ အရာရှိ နှစ်ဦးမှာမူ တစ်စုံတစ်ရာ ဒဏ်ရာမရခဲ့ကြောင်း သိရှိရသည်။
Credit To >>> 7Day Daily 

0 comments:

Post a Comment