25.4.16

ပညာရေးဝန်ကြီးဌာန ပြဌာန်းထားသည့် ဘာသာရပ်သုံးခုကို NNER သုတေသနပြုလုပ်မည်

အခြေခံပညာအဆင့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းတွင် သင်ကြားလျက်ရှိသော မြန်မာစာ၊ ပထဝီဝင်၊ သမိုင်း ဘာသာရပ်သုံးခုကို ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) အနေနှင့် သုတေသနပြုလုပ်မည်ဖြစ်ကြောင်း ယင်းကွန်ရက်ခေါင်းဆောင် ဒေါက်တာသိန်းလွင်က The Voice သို့ပြောကြားသည်။

ဧပြီလ ၂၄ရက်က တောင်ကြီးမြို့တွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် ဖက်ဒရယ်နိုင်ငံတော်နှင့် ဒီမိုကရေစီပညာရေးစနစ်ဆွေးနွေးပွဲတွင် ယင်းသို့ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခြင်းဖြစ်သည်။
“အရင်အစိုးနဲ့ အခုအစိုးရလက်ရှိအချိန်ထိ ပြဋ္ဌာန်းထားတဲ့စာအုပ်တွေက တိုင်းရင်းသားဒေသ အားလုံးမှာ တစ်မျိုးတည်းသင်နေတော့ မကိုက်ညီဘူးဆိုတာ ကြားလာရတယ်။ မကိုက်ညီတဲ့အချက်တွေကို ပြန်အသေးစိတ်လေ့လာပြီးတော့ ဘယ်အချက်တွေ မကိုက်ညီတာလဲ၊ ဘာကြောင့် မကိုက်ညီတာလဲ ထောက်ပြဖို့ပါ”ဟု ဒေါက်တာသိန်းလွင်က ပြောကြားသည်။
အဆိုပါသုတေသနလုပ်ငန်းကို NNER တွင်လုပ်ဆောင်နေသည့် အငြိမ်းစားပါမောက္ခများ၊ ဘာသာရပ်အလိုက် အငြိမ်းစားပညာရှင်များက ဦးဆောင်၍ အဖွဲ့ခွဲများခွဲကာ လေ့လာပြီး တွေ့ရှိချက်များကို ညှိနှိုင်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
အဆိုပါဘာသာရပ်များကို ကနဦးအဆင့် သုံးလကြာ လေ့လာပြီး ကျန်သုံးလတွင် အသေးစိတ်လေ့လာ၍ ခြောက်လအကြာ၌ ယင်းကွန်ရက်စုံညီအစည်းအဝေးတွင် တင်ပြမည်ဖြစ်ကြောင်း ယင်းကွန်ရက်ထံမှ သိရှိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အခြေခံပညာဦးစီးဌာန ဦးစီးအရာရှိ ဦးငွေတိုးက “ဒီပညာရေးသုတေသနကို ဘယ်အဖွဲ့အစည်းကပဲလုပ်လုပ် အဖွဲ့အစည်းနာမည်မတပ်လည်း လုပ်ငန်းရဲ့ ဦးတည်ချက်ကိုပဲ အရေးကြီးတယ်။ ဘယ်သူပဲလုပ်လုပ် ပညာရေးသုတေသနသည် ပညာရေးပြုပြင်ပြောင်းလဲဖို့အတွက်၊ ပညာရေးစနစ် မှန်ကန်ခိုင်မာဖို့အတွက် အများကြီးလိုအပ်တဲ့ လိုအပ်ချက်ပဲလို့ အဲဒီလိုပဲ သဘောပေါက်တယ်”ဟု မှတ်ချက်ပြုပြောကြားသည်။
NNER အနေနှင့် အဆိုပါသုတေသန လုပ်ငန်းများပြီးစီးပါက လွှတ်တော်နှင့်အစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာနကို တင်ပြမည်ဖြစ်ပြီး တွေ့ရှိချက်များကို အကြံပြုမည်ဖြစ်သည်။
ထို့ပြင် လူထုကြား အစည်းအဝေးများပြုလုပ်၍ ရှင်းလင်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းကွန်ရက်ထံမှ သိရှိရသည်။
အလယ်တန်းနှင့် အထက်တန်းဆင့်တွင် ပြဋ္ဌာန်းထားသည့် ပထဝီဝင်နှင့် သမိုင်းဘာသာရပ်များသည် ၁၉၆၆ခုနှစ် စနစ်သစ် အခြေခံပညာရေးဥပဒေအရ စတင်ပြဋ္ဌာန်းကျင့်သုံးခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ န.ဝ.တ ခေတ်များတွင် နိုင်ငံရေးအခြေအနေများအရ ဖြုတ်ပယ်၊ အစားထိုးမှုများရှိခဲ့ကြောင်း ဦးငွေတိုးက ရှင်းပြသည်။
Credit To >>> The Voice Weekly 

0 comments:

Post a Comment