3.5.16

မဲခေါင်မြစ်ကြောင်းတစ်လျှောက်နိုင်ငံများ ဖွံ့ဖြိုးရေး ဂျပန်ကူညီမည်

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမိအို ခိရှိဒါက ဂျပန်နိုင်ငံအနေဖြင့် မဲခေါင်မြစ်ကြောင်းတစ်လျှောက်ရှိ နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးအရ အကူအညီ ပေးအပ်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားသည်။

ခိရှိဒါက ဂျပန်နိုင်ငံ၏ အာဆီယံ မူဝါဒနှင့်ပတ်သက်၍ မေ ၂ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ခိရှိဒါသည် ယခုလောလောဆယ် အရှေ့တောင်အာရှနိုင်ငံ လေးနိုင်ငံသို့ ခရီးသွားလျက်ရှိသည်။
တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံ၏ လှုပ်ရှားမှုများကို သွယ်ဝိုက် ရည်ညွှန်း၍ ခိရှိဒါက တောင်တရုတ် ပင်လယ်သည် အလွန်အရေးပါသည့်အတွက် ယင်းဒေသမှ မည်သည့် နိုင်ငံမျှ ထွက်ခွာသွားမည်မဟုတ်ဟု ပြောကြားသည်။
ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံများအကြား လမ်း၊ တံတားများဖြင့် ဆက်သွယ်ထားရမည် ဖြစ်သကဲ့သို့ အခြားသော အခြေခံအဆောက်အအုံများကိုလည်း တည်ဆောက်ထားရမည်ဟု ၎င်းက ပြောကြားသည်။
မြန်မာနှင့် ထိုင်းနိုင်ငံတို့အပါအဝင် မဲခေါင်မြစ်ကြောင်းတစ်လျှောက်ရှိ နိုင်ငံငါးနိုင်ငံအတွက် လုပ်ငန်းမူဘောင်သစ်တစ်ခု ချမှတ်သွားမည်ဖြစ်ပြီး သုံးနှစ်အတွင်း ဒေါ်လာ ခုနစ်ဘီလီယံတန်ကြေးရှိ ထောက်ပံ့ကူညီမှုများ ပေးအပ်သွားမည်ဟု ဆိုသည်။
ယင်းသို့အကူအညီပေးအပ်ရသည့် ရည်ရွယ်ချက်မှာ ယင်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူသားအရင်းအမြစ်များကို မြေတောင် မြှောက်ပေးရန်ဖြစ်ကြောင်း ခိရှိဒါက ပြောကြားသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment