1.6.16

မြန်မာနိုင်ငံတွင် ၂၀၂၉ ခုနှစ်အထိသာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မည် ဖြစ်သဖြင့် သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဖြန့်ဖြူးနိုင်ရန်အတွက် နိုင်ငံခြားမှ ၀ယ်ယူရမည်ဟုဆို

မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မှုသည် ၂၀၂၉ ခုနှစ်အထိသာ ထုတ်လုပ်နိုင်မည် ဖြစ်သဖြင့် သဘာဝဓာတ် ငွေ့ဖြင့် လျှပ်စစ်ဖြန့်ဖြူးနိုင်ရန်အတွက် နိုင်ငံခြားမှ ၀ယ်ယူရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၃၁ ရက်က ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းရုံးတွင် ပြုလုပ်သည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ပြန်လည်ရရှိရေး ဆောင်ရွက်မှုအခြေအနေအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် ပြောကြားသည်။
 
“ကျွန်တော်တို့ နိုင်ငံမှာ ဂက်စ်နဲ့ ပတ်သက်ပြီး အတော်များများ ပြောပါတယ်။ ကျွန်တော်တို့မှာ ဂက်စ် မရှိပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ ဂက်စ်ထုတ်လုပ်နိုင်မှုဟာလည်း ၂၀၂၉ လောက်အထိပဲ ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ ကိုယ့် ကိုယ်ကိုယ် အများကြီး အထင်ကြီးလို့ မရပါဘူး။ တချို့အခြေအနေတွေကလည်း ရောင်းထားပြီး အခြေအနေတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဂက်စ်အင်ဂျင်နဲ့ လည်နိုင်တဲ့ လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းကို နိုင်ငံတော်ရဲ့ လျှပ်စစ်ဓာတ်အားနဲ့ လည်ပတ်နိုင်မှု အခြေအနေ၊ ဂက်စ်ဓာတ်ငွေ့နဲ့ လည်ပတ်နိုင်မှု အခြေအနေမရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့ ဂက်စ်ဝယ်ရမှာ ဖြစ်ပါတယ်။ ဂက်စ်အရည်ကို ၀ယ်လာပြီး လည်ပတ်ရမှာ ဖြစ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
 
လက်ရှိတွင် လျှပ်စစ်ရရှိရန် ဂက်စ်အရည်နှင့် ဒီဇယ်တို့ဖြင့် အသုံးပြုနိုင်သည့် အခြေအနေ ရှိကြောင်း၊ အဆိုပါ အခြေအနေများပေါ် မူတည်ပြီး ၁၂ လအတွင်း ပြင်ဆင်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
 
“ဂက်စ်နဲ့ သုံးလို့ရတဲ့ အခြေအနေ ရှိတယ်။ ဂက်စ်အရည် ဖြစ်တဲ့  LNG သုံးနိုင်တဲ့ အခြေအနေရှိတယ်။ ဒီဇယ်နဲ့ သုံးနိုင်တဲ့ အခြေအနေရှိတယ်။ နောက်တစ်ခုက FOC နဲ့ သုံးနိုင်တဲ့ အင်ဂျင်တွေ ရှိပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး ၁၂ လအတွင်းမှာ ပြင်ဆင်ရမှာပါ။ မိုးရာသီနဲ့ နှိုင်းယှဉ်လိုက်ရင် လာမယ့်နွေရာသီအတွက် အချိန် ၁၀ လလောက်ပဲ ရှိပါတော့တယ်။ ရက်ပေါင်း ၆၀ အတွင်းမှာ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာတွေနဲ့ အများကြီး ဆောင်ရွက်နေပါတယ်။ ဒီညှိနှိုင်းဆောင်ရွက်မှုကနေ ရလာတဲ့ လျှပ်စစ်ပေးနိုင်ဖို့ ကြိုးစားပါမယ်။ ဒီပေးတဲ့ အပေါ်မှာလည်း ကုန်ကျမယ့် စရိတ်က များပါတယ်။ ဂက်စ်အင်ဂျင် စက်ရုံတွေကို လည်ပတ်မယ့် စက်ရုံတွေရဲ့စရိတ်ကလည်း ကြီးပါတယ်။ LNG အရည် ၀ယ်လာရမယ်။ စက်ရုံဆောက်ရမယ်၊ အင်ဂျင်စက်ကလည်တဲ့ လျှပ်စစ်အားကို မဟာဓာတ်အားလိုင်းထဲ ထည့်ရမယ်။ စက်ရုံဆောက်တဲ့ နေရာမှာ အမျိုးသားမဟာဓာတ်အားလိုင်းထဲကို ထည့်လို့ရတဲ့နေရာ ဖြစ်ရမယ်။ LNG အရည် သယ်လာတဲ့ သင်္ဘောတွေ ရပ်ရမယ်။ နေရာကလည်း သင်္ဘောတွေ ရပ်နိုင်မယ့် နေရာရေထု ရှိဖို့ ပင်လယ်ပြင်မှာဖြစ်ဖို့ လိုအပ်ပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားသည်။
 
“ဒီ လျှပ်စစ်ဖြန့်ချိရေးနဲ့တော့ အခု ဒီကာလ ကြုံဆုံနေရတဲ့ အခြေအနေတွေဟာ မလွယ်ပါဘူး။ ရှေ့ဆက် ကျွန်တော်တို့ ကြုံရမယ့် ကာလမှာ မဂ္ဂါဝပ် ၄၀၀ လောက် ကျွန်တော်တို့ ထပ်မံရဖို့ ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေက လာတိုင်း ရန်ကုန်မှာ လျှပ်စစ်ရမှာလား၊ လျှပ်စစ်ရမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေ လာနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ လာမှ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ်။ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို လုပ်နိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment