1.7.16

NLDအမတ် ဆရာဝန် မှတ်ပုံတင်ရှိ၊မရှိ စစ်ဆေးရန် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီညွှန်ကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ရေစကြိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဌေးအောင်ကို တိရိစ္ဆာန်ဆေးကုဆရာဝန် အဖြစ် မှတ်ပုံတင်ထားခြင်းရှိ၊ မရှိစစ်ဆေးရန် မြန်မာနိုင်ငံတိရစ္ဆာန်ဆေး ပညာကောင်စီမှ ညွှန်ကြားထားကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနထံမှ သိရသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဌေးအောင်သည် မြန်မာနိုင် ငံဆေးကောင်စီမှ ထုက်ပေးထားသော ဆေးကုသခွင့်လိုင်စင်မရှိဘဲ မြို့နယ်အတွင်းရှိကျေးရွာများတွင် လှည့်လည်၍ ဆေးကုသခြင်းပြုလုပ်သည်ဟု ဆိုကာ ဒေသခံ တစ်ဦးက ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေ ပုဒ်မ(၅၈)ဖြင့် ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံသို့ တိုင်ကြားခဲ့ခြင်းဖြစ် သည်။
ယင်းနောက် မြန်မာနိုင်ငံတိရိစ္ဆာန်ဆေးပညာကောင်စီက ဦးတင်ဌေးအောင်ကို တိရိစ္ဆာန်ဆေးကုဆရာဝန်အဖြစ် မှတ်ပုံတင်ထားခြင်းရှိမရှိ စစ်ဆေး ရန် မွေးမြူရေးနှင့်ကုသရေးဦစီးဌာနထံသို့ ညွှန်ကြားသည့်စာတွင် ဖော်ပြထားသည်။
ယင်းကိစ္စရပ် နှင့် ပတ်သက်ပြီး ဦးတင်ဌေးအောင်ကမူ ၎င်းသည် ၁၉၉၇ ခုနှစ်တွင် တိရစ္ဆာန်ဆေးကုသဆရာဝန်ဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောဆိုသည်။
“ဘွဲ့လက် မှတ်အတုနဲ့ လိမ်ပြီးကုတာမရှိဘူး”ဟု ၎င်းကဆိုသည်။
ထို့အပြင် ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကလည်း တိုင်ကြားထားသည့်အမှုနှင့် ပတ်သက်ပြီး ခေါ်ယူမေးမြန်းခဲ့ကြောင်း ဦးတင်ဌေးအောင်ကရှင်းပြသည်။
တိုင်းဒေသကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များကို ပြစ်မှုတစ်စုံတစ်ရာဖြင့် တရားစွဲဆိုခြင်းကို တည်ဆဲဥပဒေ အရ ခွင့်ပြု့ထားသော်လည်း သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဖမ်းဆီးခြင်းများဆောင်ရွက်လိုလျှင် လွှတ်တော်ဥက္ကဋ္ဌများ၏ ခွင့်ပြုချက်ရမှသာလျှင် ဖမ်းဆီးခွင့်ရှိကြောင်း ပြည်သူ့လွှတ်တော် နည်းဥပဒေတွင် ဖော်ပြထားသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment