1.7.16

ကျိုက်ထီးရိုးစေတီတော်တွင်ဆောင်ရွက်မည့် ကေဘယ်လ်ကားပြေးဆွဲမှု စီမံကိန်းတင်ဒါ ဇူလိုင်လအတွင်း ပြန်လည်ခေါ်ယူမည်

ကျိုက်ထီးရိုးစေတီတော်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကေဘယ်လ်ကားပြေးဆွဲမှု စီမံကိန်းအတွက် လုပ်ငန်းတင်ဒါကို ဇူလိုင်လအတွင်း ပြန်လည်ခေါ် ယူသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

ကျိုက်ထီးရိုးစေတီတော် ရသေ့တောင်စခန်းနှင့် တောင်ပေါ်သို့ ကေဘယ်လ်ကားပြေးဆွဲမှု စီမံကိန်းအတွက် ကိုရီးယားကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုမှ လုပ်ငန်းတင်ဒါ အောင်မြင်ခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ကလည်း ၂ဝ၁၅ ခုနှစ်တွင် ခွင့်ပြု ပေးခဲ့ပြီးဖြစ်သည်။ သို့ရာတွင် လုပ်ငန်းဆောင်ရွက်ရန် သဘောတူညီမှု ဖျက်သိမ်းလိုက်ပြီးဖြစ်သည့်အတွက် တင်ဒါအသစ်ခေါ်ယူမှုကို ဇူလိုင်လအတွင်း ဆောင်ရွက်သွားမည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
''ကျိုက်ထီးရိုးမှာ ကေဘယ်လ်ကား ပြေးဆွဲဖို့အတွက် လုပ်ငန်းတင်ဒါကို ပြန်လည်ခေါ်ယူသွားပါမယ်။ အရင် တင်ဒါအောင်တဲ့ကုမ္ပဏီနဲ့ စာချုပ် ဖျက်သိမ်းလိုက်တာ ဖြစ်တဲ့အတွက် ပြန်လည်ခေါ်ယူ သွားမှာပါ''ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ယခင် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီမှာ Sky Asia Co.,Ltd ဖြစ်ပြီး ကိုရီးယားနိုင်ငံ Sky International Co., Ltd နှင့် မြန်မာနိုင်ငံမှ Asia International Fisheries Co.,Ltd တို့ ပူးပေါင်း တည်ထောင်ခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်ကာ ဝမ် ၂၂ ဘီလီယံ (မြန်မာကျပ်ငွေ ၂ဝ ဘီလီယံ) ဖြင့် နှစ်ငါးဆယ် B.O.T စနစ်ဖြင့် ဆောင်ရွက်သွားရန် လုပ်ငန်းတင်ဒါအောင်မြင်ခဲ့ကာ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်က ခွင့်ပြုခဲ့ကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment