9.8.16

တပ်နှင့် ညှိနှိုင်းရအခက်ဆုံး လုံခြုံရေးဆိုင်ရာပြုပြင်ပြေင်းလဲရေးမူဝါဒကိစ္စ အလုပ်ရုံဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်များပြုလုပ်နေ


တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်းရန် အခက်အခဲ ဆုံးဖြစ်သော SSR/DDR ခေါ် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေသည်။

လာမည့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၏ လုံခြုံရေးဆိုင်ရာ တပ်နေရာ ချထားရေးကိစ္စ အခက်အခဲဆုံးဖြစ်လိမ့်မည်ဟု ယူဆထားသဖြင့် ယင်းကိစ္စကို နှစ်ဖက် ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တင်ပြနိုင်ရန် လုံခြုံရေးဆိုင်ရာ မူဝါဒ တစ်ခုရရှိရန်အတွက် ဆွေးနွေးနေခြင်း ဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။
“အဓိက နိုင်ငံရေးအရ ဖြေရှင်းတဲ့နေရာမှာ ကနေ့အထိ ကျနော်တို့ နိုင်ငံမှာကတော့ လက်နက်အင်အားနဲ့ပဲ အဆုံးအဖြတ်ပေး နေတယ်ဆိုတဲ့ အနေအထားမျိုးမြင်နေတယ်။ ဒါကြောင့် တိုင်းရင်းသားတွေဘက်ကလည်း ယုံကြည်မှု မရှိသေးခင်ကာလမှာ ဘယ်လိုမှ ကိုယ့်တပ်ကို ဖျက်ခံနိုင်မှာ မဟုတ်ဘူး။ ဒါဟာ ကြီးမားတဲ့ ပြဿနာ ဖြစ်လိမ့်မယ်။ ဖက်ဒရယ် ပြည်ထောင်စုကို အကောင်အထည်ဖော်နိုင်တယ်။ ဖော်ပြီ သဘောတူပြီ ထားပါစို့၊ ဒါပေမဲ့ ဘယ်လို ပုံစံမျိုးစသဖြင့် အဓိက တပ် ပြဿနာကတော့ အခက်အခဲဆုံး ဖြစ်လိမ့်မယ်။ ဒါကြောင့် ဖြေရှင်းနိုင်ဖို့နဲ့ အကောင်းဆုံး ဖြစ်လာနိုင်ဖို့အတွက် အများကြီး နည်းလမ်းရှာဖို့ လိုတယ်။ ကျနော်တို့ဘက်ကတော့ အဲဒါကို အဓိကထားပြီးတော့ ဒါက ဖြေရှင်းတဲ့နေရာမှာ ခက်ခဲလိမ့်မယ်လို့ မြင်ပြီးတော့မှ နိုင်ငံခြားက ပညာရှင်တွေဆီကနေ ပညာတွေ ရှာနေတယ်။ နည်းလမ်းတွေ ရှာနေတယ်။ ဒါတွေကို အကောင်းဆုံး ဖြေရှင်းနိုင်ဖို့ ဦးတည်ပြီးတော့ လုပ်နေတာ ဖြစ်တယ်”ဟု သူက သတင်းထောက်များကို ပြောသည်။
DDR/SSR လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ဖြေရှင်းရန်အတွက် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေး ဖြေရှင်းရမည်ဖြစ်၍ ဆွေးနွေးပွဲများတွင် တင်ပြဆွေးနွေးနိုင်မည့် အတွေ့အကြုံများကို နိုင်ငံတကာ၏ ပြဿနာများကို ဖြေရှင်းပေးနေသည့် တတ်သိပညာရှင်များထံမှ အချက်အလက်များ စုစည်းနေခြင်း ဖြစ်သည်ဟု သူက ပြောသည်။
“DDR/SSR နဲ့ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးပေါ့နော်။ ဒါကို တကယ်တမ်း အဲဒီကိစ္စတွေ ဆွေးနွေးလာရမယ် ဆိုရင်တော့ တဖက်က ဘယ်လို နည်းနဲ့ ပြုပြင်ပြောင်းလဲသွားမလဲပေါ့။ လက်ရှိ အနေအထားမှာ အစိုးရဘက်မှာလည်း တပ်မတော်ရှိတယ်။ တိုင်းရင်းသားတွေဘက်မှာလည်း တပ်တွေရှိတယ်။ ဒါတွေအားလုံးကို တဘက်က တခုတည်း
အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ အားလုံးကို ရှိနေရမယ်၊ တဖက်ကလည်း ထိန်းချုပ်မှုလည်း ရှိရမယ်။ ဆက်စပ်မှုလည်း ရှိရမယ်ပေါ့။ အဲဒီလို ယုံကြည်မှုကာလ တစ်ခုထိကို ၁၀ နှစ်လား၊ အနှစ် ၂၀လား။ ဒါက သွားဦးမယ်။ အဲဒီလို ယုံကြည်မှု ခိုင်ခိုင်မာမာရှိတဲ့ အခါကြမှ တဖြည်းဖြည်းချင်းပြောင်းလဲသွားရမဲ့ကိစ္စပါ။ လောလောဆယ်မှာတော့ ဒါတွေကို ထိန်းချုပ်နိုင်ဖို့ ဆိုတဲ့နေရာမှာ အခက်အခဲရှိနိုင်မယ် ထင်လို့နည်းလမ်းရှာထားတာပါ”ဟု သူက ဆက်လက် ပြောဆိုသည်။
မြန်မာ့တပ်မတော်ဘက်ကမူ တပ်မတော် တခုတည်းရှိရမည်ဆိုသည့် ရပ်တည်ချက်အတိုင်း ပြုပြင်ပြောင်းလဲရန်
မလိုလားဘဲ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကလည်း ယခင်က အတွေ့အကြုံများအရ လက်နက် ဖျက်သိမ်းလိုက်ပါက မည့်သည့် အခွင့်အာဏာမှ မရရှိသဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် မရှိသေးဘဲ စစ်တပ်က နေရာယူနေဆဲ ဖြစ်အား နိုင်ငံရေးကစားနေဆဲ ဖြစ်၍ လက်နက် ဖျက်သိမ်းရေးကို လက်မခံနိုင်သေးခြင်း ဖြစ်သည်ဟု နိုင်ဟံသာက ပြောသည်။
ထို့ပြင် ၁၉၅၈ ခုနှစ်က ရခိုင်၊ မွန်နှင့် ပအိုဝ်း စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ လက်နက်အပ်ခဲ့ပြီးနောက် ၎င်းတို့၏ အတွေ့အကြုံအရ မည့်သည့်အခွင့်အရေးမှ မခံစားရသလို၊ ၁၉၉၀ ခုနှစ် အပစ်အခတ် ရပ်စဲရေးတွင် ပလောင်၊ ရှမ်း၊ ရလလဖ စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ၏ လက်နက်သိမ်းခံရပြီးနောက် မည့်သည့် အခွင့်အရေးမှ မရရှိသဖြင့် ၄င်းအဖွဲ့ အစည်းများလည်း လက်နက်နှင့် လူသစ်များ စုဆောင်းကာ ပြန်လည် တော်လှန်ခဲ့သည့် အတွေ့အကြုံများ ရှိခဲ့သည်ဟု သူက ပြောဆိုသည်။
ထို့ပြင် တပ်မတော်ဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား တိုက်ခိုက်ချေမှုန်းလိုက်ပါက နိုင်ငံ အေးချမ်းမည်ဟု ရှုမြင်နေသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်ကမူ နိုင်ငံရေးအခွင့်အရေးအရ တော်လှန်နေခြင်းသာ ဖြစ်၍ ထိုသို့ ချေမှုန်းပါက လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။
ပြီးခဲ့သည့် ငြိမ်းချမ်းဆွေးနွေးနွေးမှုတွင်လည်း တပ်မတော်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်မည်၊ ၂၀၀၈ ဖွဲ့စည်းပံကလည်း တပ်မတော်၏ အခွင့်အာဏာကို ကာကွယ်ထားသဖြင့် ယင်းအပေါ် ပြုပြင်ပြောင်းလဲရန်အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ဟု နိုင်ဟံသာက ဆက်လက် ပြောဆိုသည်။
“တပ်မတော်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်မယ်လို့ ပြောတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကလည်း တပ်မတော်ရဲ့ အခွင့်အာဏာကို ကာကွယ်ထားတယ်။ အဲတော့ တပ်မတော်က သူတို့ အခွင့်အာဏာကို သူတို့ ကာကွယ်တာဘဲ။ အဲဒါကို အခွင့်ထူးတွေ ရေရှည်ရလာတယ်။ လက်ရှိ အနေအထားမှာလည်း တပ်မတော်က အရာရှိတွေဆိုရင် အများသိပဲ သူဌေးတွေ ဖြစ်နေကြတယ်။ စီးပွားရေးအရလည်း သူတို့ တော်တော်လေး အခြေခံ ကောင်းနေတယ်။ နိုင်ငံရေးအရလည်း အာဏာအရလည်း အခြေအနေတော်တော်ကောင်းနေတယ်။ ဒီအနေအထားကို ပြုပြင်ဖို့ ဆိုတဲ့နေရာမှာတော့ ဒါက တော်တော်လေး စိန်ခေါ်နေတဲ့ ပြဿနာလို့ မြင်တယ်”ဟု သူက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက DDR/SSR ခေါ် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စသည် ဒီမိုကရေစီနိုင်ငံတွင် တပ်မတော်သည် အရပ်ဘက် အစိုးရ လက်အောက်တွက် ရှိရမည် ဖြစ်ပြီး လက်ရှိ မြန်မာ့တပ်မတော်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ၍ အာဏာကို စွန့်လွတ်ရန် ခက်ခဲမည်ဟု နိုင်ဟံသာက ပြောသည်။
“အဲဒါကြောင့် ဒါကို ပြုပြင်ပြောင်းလဲဖို့ဆိုတဲ့နေရာမှာ တဖက်က ဒီမိုကရေစီစစ်စစ်နိုင်ငံဖြစ်ရမယ်။ တပ်မတော်ဆိုတာ သူ့အပိုင်းနဲ့ သူ့ကဏ္ဍမှာပဲ နေရာမယ်။ နိုင်ငံရေးမှာ ဝင်စွက်လို့ မရဘူး။ ဒီအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်အဝ ရှိကို ရှိရမယ်။ အဲဒီလို အနေအထားမျိုးဖန်တီးနိုင်ဖို့ ဖန်တီးလို့ အသားကျသွားပြီဆိုတဲ့အခါကြမှ ဒီတိုင်းရင်းသားတွေရဲ့ တပ်တွေကို အားလုံး အကောင်းဆုံး ဘယ်လို နည်းလမ်းနဲ့စုစည်းမလဲဆိုတာ နည်းလမ်းရှာဖို့လို့ မြင်တယ်။ အဲလိုမှ သွားလို့ရမယ်။ မဟုတ်ရင်သွားလို့ မလွယ်ဘူး”ဟု သူက ပြောသည်။
ထိုအလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ တပ်ပိုင်းဆိုင်ရာ
တာဝန်ရှိသူများ၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) -WLB မှ ကိုယ်စာလှယ်များ အပါအဝင် စုစုပေါင်း ၂၀ ကျော် တက်ရောက် ဆွေးနွေးနေပြီး သြဂုတ်လ ၈ ရက်မှ ၁၀ ရက်ထိ သုံးရက်ကြာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိ အစိုးရက ယခုလကုန်ပိုင်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပရန် ပြင်ဆင်နေချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို အားလုံးပါဝင်နိုင်ရန် ညှိနှိုင်းနေသည်။
လာမည့် သြဂုတ်လ ၁၂ ရက်နေ့တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီတို့ ရန်ကုန်မြို့တွင် နိုင်ငံရေးမူဘောင်ဆိုင်ရာနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။
Credit To >>> Mizzima Burmese

0 comments:

Post a Comment