23.8.16

လာမည့်နှစ်တွင် ဂျပန်အနောက်ပိုင်း၌ F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ အမေရိကန်ဖြန့်ကြက်မည်

ဂျပန်နိုင်ငံအနောက်ပိုင်း ရာမဂုချိစီရင်စု အိုင်ဝါကူနီမြို့တော်ရှိ အမေရိကန် စစ်ဘက်အခြေစိုက်စခန်းတစ်ခု၌ လာမည့်နှစ် ဇန်နဝါရီမှ သြဂုတ်လထိ F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၁၆ စင်း ဖြန့်ကြက်ရန် အမေရိကန်ပြည်ထောင်စုက စီစဉ်နေကြောင်း ဂျပန်အစိုးရက ယနေ့ပြောကြားသည်။

ကိုယ်ပျောက်တိုက်လေယာဉ်များကို ပြည်ပ၌ ဖြန့်ကြက်ခြင်းမှာ ပထမ ဆုံးအကြိမ်ဖြစ်လာမည်ဖြစ်သည်။ ဂျပန်ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနများမှ အဆင့်မြင့်တာဝန်ရှိသူများက ဂျပန်နိုင်ငံအနောက်ပိုင်းရှိ အိုင်ဝါကူနီမြို့တော်သို့ သွားရောက်လည်ပတ်ခဲ့ပြီး F-35 တိုက်လေယာဉ်များ ဖြန့်ကြက်မည့်အစီအစဉ်ကို မြို့တော်ဝန် ယိုချီဟီကိုဖူကူဒါသို့ အကြောင်း ကြားခဲ့သည်။ အစီအစဉ်အရ ပထမဆုံးအနေဖြင့် F-35 တိုက်လေယာဉ် ၁ဝ စင်းကို လာမည့်နှစ် ဇန်နဝါရီလအတွင်း ဖြန့်ကြက်မည်ဖြစ်ပြီး သြဂုတ်လအတွင်း နောက်ထပ်ခြောက်စင်း ဖြန့်ကြက်မည်ဖြစ်သည်။
သတင်းအချက်အလက်များပေးပို့ရန် ဗဟိုအစိုးရ၏ ပျက်ကွက်မှုက အဆင်မပြေဖြစ်စေကြောင်း၊ သတင်းအချက်အလက်များကို လျင်မြန်စွာဖြင့် အသေးစိတ်ပေးပို့စေလိုကြောင်း မြို့တော်ဝန် ဖူကူဒါက ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ရှန်ဆုခဲတာခဲအိနှင့် ဒုတိယကာကွယ်ရေးဝန်ကြီး ဟီရိုယူကီမီယာ ဇာဝါတို့အား ပြောကြားခဲ့သည်။ ကမ်းတပ်တပ်ဖွဲ့၏ အိုင်ဝါကူနီလေတပ် အခြေစိုက်စခန်းရ F-A-18 တိုက်လေယာဉ်များနှင့် AV-8 Harrier ဂျက်လေယာဉ်များနေရာတွင် F-35 တိုက်လေယာဉ်မူကွဲတစ်မျိုးဖြစ်သော F-35 B တိုက်လေယာဉ်များနှင့် အစားထိုးရန် အမေရိကန်ပြည်ထောင်စုက စီစဉ်နေသည်။
အမေရိကန်ပြည်ထောင်စု ဦးဆောင်သော နိုင်ငံတကာကုမ္ပဏီများ ပူးပေါင်းထားသည့် လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းကြီးတစ်ခုဖြစ်သော လော့ဟိခ်မာတင်ကော်ပိုရေးရှင်းကထုတ်လုပ်သည့် F-35 တိုက်လေယာဉ်များ ဖြန့်ကြက်မှုမှာ တရုတ်နိုင်ငံ၏ စစ်ရေးတည်ဆောက်မှုအရှိန်မြင့်လာစဉ် အတွင်း အာရှတိုက်သို့ အမေရိကန်ပြည်ထောင်စု၏ မဟာဗျူဟာမြောက် အင်အားပြန်လည်ချိန်ညှိမှု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment